မင်္ဂလာပါ။ မထင်မှတ်ပဲ အလည်ရောက်လာတဲ့ စာဖတ်သူတွေကိုရော၊ အမြဲတစေ သတိတရ
ရောက်ဖြစ်တဲ့သူတွေအားလုံးရော ကျေးဇူးအထူးတင်ရှိပါတယ်။
ဒီကဗျာကတော့ ဟိုးအရင်က ပေဖူးလွှာ ကဗျာ ရဲ့အဆက်ပါ။ ခင်လေးငယ်ဗားရှင်းကနေ
ပြန်လည်ခံစားထားတာဖြစ်ပါတယ်။
ပေဖူးလွှာ (၂) (သို့) ဘိလပ်တမ်းချင်း
သူရိယနေမင်းကြီးက ထွန်းလင်းတောက်ပဖြာ
လီလီပန်းတွေလှိုင်လှိုင်ပွင့်တဲ့ တစ်မိုးအောက်မှာ
ခင်လေးငယ်ရဲ့ ကိုလေးရောက်နေတာ
ဝိတိုရိယဘုရင်မကြီးရဲ့ စံပျော်ရာ........။
မိုင်ပေါင်းထောင်ချီဝေးလှငြားလည်း
ပင်လယ်၊တောင်တန်း၊တိမ်တွေဖြတ်ရင်း
စိတ်ကူးနဲ့ နေ့စဉ်ရောက်နေမယ်
ခင်လေးမရှိတဲ့နေ့၊ ခင်လေးမရှိတဲ့နေရာ
အနေနီးရင်း တစ်ပါးသူနောက်
ပါသွားမှာ စိုးလို့ပါ.........။
ခင်လေးနေတဲ့တိုင်းပြည်
နေခြည်ဖြာတဲ့တစ်မိုးအောက်
လီလီ၊ဒေစီ မပွင့်သော်ငြားလည်း
စပါး၊ပဲ၊ပြောင်း ပေါလိုက်တဲ့လေ
ပီဇာ၊ဘာဂါတွေမရှိလည်း
ကိုလေးအကြိုက် ကုလားဆေးနဲ့ကွမ်းယာ
နှစ်ဆိုင်တောင်ဖွင့်လို့နေ
လန်ဒန်၊ မာပိုလို မမြင်ဘူးလည်း
ဖက်ခြောက်ကြိုးချည်ဆေးတိုငယ်
ချိုလှရဲ့လို့ ကြားဖူးတယ်.........။
ဝီစကီ၊ဗော်ကာ အရသာကခါးလို့နှယ်
ဈေးဖြင့်ကြီးပါရဲ့
အရီးလှတောက ထန်းရည်လောက်ကောင်းပါရဲ့လား
ချက်ကြီးလည်း ကြွက်ကင်ကိုက်ရင်း
ပြိုင်တူမော့ဖို့ စောင့်နေတာကြာရောပေါ့........။
ကိုလေးပြန်လာမဲ့နေ့
နံရံမှာချိတ်ထားတဲ့ပြက္ကဒိန်မှာ
မီးသွေးခဲနဲ့ခြစ်မှတ်ရင်း
မျှော်နေမယ်........။
နှစ်ကိုယ်တူချစ်ခြင်းနဲ့
တစ်အိမ်ထောင်ထူဖို့
ဒီအပျိုငယ် အသင့်ဖြစ်နေပါပြီလေး......။