January 13, 2012

နောက်ပြန်မလှည့်စတမ်း လျှောက်ရမဲ့လမ်း


သည်ဆောင်းဟေမာန်

နှင်းငွေ့ရည်မပျယ်သေး

အအေးဓာတ်ရယ် ပေါ့ပျက်ပျက်

အခါနှစ်ဦး အချိန်သမယမှာဖြင့်

အရှေ့တောင်ပိုင်းက ညီအစ်ကိုတွေနဲ့

သဘောတူညီမှုရခဲ့ကြပြီ

မဂ်လာပါ ဒီမိုကရေစီ။


လမြတ် ဇန္နဝါရီ၊ ၁၃ရက်နေ့

ရက်မြတ်သောကြာ

Friday 13, unlucky လို့

ဘယ်သူပဲပြောပြော

တံခါးမကြီးတစ်ခု ဖွင့်လိုက်တဲ့အချိန်

တို့အမိမြေမှာ အပြုံးပန်းတွေကဝေ

မြူနှင်းများကြားမှာ မျက်ရည်မိုးတွေကစွေ

အဘိုးနဲ့မြေး၊ သားနဲ့အမိ၊ ညီအစ်ကိုတွေဆုံကြပြီ။

ဘူးဝနားမှာ ဒီတစ်ခေါက်ပါမလားလို့

အဘွားတို့၊ အဖေတို့၊ ဦးလေးတို့၊ ချစ်သောသူတို့

နှစ်ရှည်လများ၊ မျော်လင့်စောင့်စားရတဲ့အကျိုး

ဒီနေ့တော့ ဆန္ဒပြည့်ပြီ ထင်ပါရဲ့။


လူဝတ်ကြောင်နဲ့ ဘုန်းဘုန်းလည်း

ရဟန်းပြန်ဝတ်နိုင်ပြီ။

မျိုးဆက်ဟောင်းတွေလည်း တိုင်းပြည်အကျိုး

ဆထက်တပိုး ပိုမိုထမ်းရွက်နိုင်ပြီ။

လွတ်လပ်သော အနုပညာလည်း

ဖန်တီးနိုင်ပြီ။

လွတ်ကျသွားခဲ့တဲ့ မြို့တော်လည်း

ပြန်ကောက်နိုင်ပြီ။

မဂ်လာပါ ဒီမိုကရေစီ။


အခါမနှောင်းသေးပေမဲ့

နေတော့ တော်တော်မြင့်နေပြီပေါ့

စပါးနှံကိုက်ချီထားတဲ့ ချိုးငှက်ကူသံသဲ့သဲ့

အဝေးတစ်နေရာမှာ ကြားနေရတယ်

ပြည်ထောင်စု သွေးချင်းများ

ခိုင်မာသော တွဲလက်များဖြင့်

နိုင်ငံတော်အကျိုးကိုရှေးရှုလျက်

တိုးတက်မှုကိုမျှော်ရည်

ငြိမ်းချမ်းရေး တံခါးမကြီးရဲ့

သော့ပိုင်ရှင်များနဲ့

တို့တစ်တွေအတူလျှောက်ကြမယ်

နောက်ပြန်မလှည့်စတမ်း လျှောက်ရမဲ့လမ်း။


သံလွင်ဟီးရိုး

October 31, 2011

ပေဖူးလွှာ (၂) (သို့) ဘိလပ်တမ်းချင်း

မင်္ဂလာပါ။ မထင်မှတ်ပဲ အလည်ရောက်လာတဲ့ စာဖတ်သူတွေကိုရော၊ အမြဲတစေ သတိတရ
ရောက်ဖြစ်တဲ့သူတွေအားလုံးရော ကျေးဇူးအထူးတင်ရှိပါတယ်။
ဒီကဗျာကတော့ ဟိုးအရင်က ပေဖူးလွှာ ကဗျာ ရဲ့အဆက်ပါ။ ခင်လေးငယ်ဗားရှင်းကနေ
ပြန်လည်ခံစားထားတာဖြစ်ပါတယ်။

ပေဖူးလွှာ (၂) (သို့) ဘိလပ်တမ်းချင်း

သူရိယနေမင်းကြီးက ထွန်းလင်းတောက်ပဖြာ
လီလီပန်းတွေလှိုင်လှိုင်ပွင့်တဲ့ တစ်မိုးအောက်မှာ
ခင်လေးငယ်ရဲ့ ကိုလေးရောက်နေတာ
ဝိတိုရိယဘုရင်မကြီးရဲ့ စံပျော်ရာ........။

မိုင်ပေါင်းထောင်ချီဝေးလှငြားလည်း
ပင်လယ်၊တောင်တန်း၊တိမ်တွေဖြတ်ရင်း
စိတ်ကူးနဲ့ နေ့စဉ်ရောက်နေမယ်
ခင်လေးမရှိတဲ့နေ့၊ ခင်လေးမရှိတဲ့နေရာ
အနေနီးရင်း တစ်ပါးသူနောက်
ပါသွားမှာ စိုးလို့ပါ.........။

ခင်လေးနေတဲ့တိုင်းပြည်
နေခြည်ဖြာတဲ့တစ်မိုးအောက်
လီလီ၊ဒေစီ မပွင့်သော်ငြားလည်း
စပါး၊ပဲ၊ပြောင်း ပေါလိုက်တဲ့လေ
ပီဇာ၊ဘာဂါတွေမရှိလည်း
ကိုလေးအကြိုက် ကုလားဆေးနဲ့ကွမ်းယာ
နှစ်ဆိုင်တောင်ဖွင့်လို့နေ
လန်ဒန်၊ မာပိုလို မမြင်ဘူးလည်း
ဖက်ခြောက်ကြိုးချည်ဆေးတိုငယ်
ချိုလှရဲ့လို့ ကြားဖူးတယ်.........။

ဝီစကီ၊ဗော်ကာ အရသာကခါးလို့နှယ်
ဈေးဖြင့်ကြီးပါရဲ့
အရီးလှတောက ထန်းရည်လောက်ကောင်းပါရဲ့လား
ချက်ကြီးလည်း ကြွက်ကင်ကိုက်ရင်း
ပြိုင်တူမော့ဖို့ စောင့်နေတာကြာရောပေါ့........။

ကိုလေးပြန်လာမဲ့နေ့
နံရံမှာချိတ်ထားတဲ့ပြက္ကဒိန်မှာ
မီးသွေးခဲနဲ့ခြစ်မှတ်ရင်း
မျှော်နေမယ်........။

နှစ်ကိုယ်တူချစ်ခြင်းနဲ့
တစ်အိမ်ထောင်ထူဖို့
ဒီအပျိုငယ် အသင့်ဖြစ်နေပါပြီလေး......။

February 12, 2011

ဝဲကင်းပါပြီး)

ဘလော့ဝဲရောဂါအကြောင်းဒီနေ့မှသိလို့ စစ်လိုက်တာ
နဲတာမဟုတ်ဘူး (ဝဲတွေ.....ဝဲတွေ)
ဝဲအကြောင်းတင်ထားတဲ့သူတွေဆီကနေအကြံကောင်းတွေယူ
ပြီး ၁နာရီလောက်ဆေးကုလိုက်တော့ ကင်းစင်ကြောင်း
အာမခံချက်နဲ့ ထွက်လာပါပြီ။ (ဝဲမရှိတော့ဘူးလို့ပြောပါတယ်)

အားလုံးကျန်းမာရွှင်လန်းကြပါစေ။

January 30, 2011

မြိတ်မြို့မှာခဏတာ

မြန်မာပြည်ပြန်တုန်းကတစ်ရက်တော့ မြိတ်(ဘိတ်)ကိုသွားဖို့အကြောင်းဖန်လာ
ပါတယ်။ တစ်ကယ်တော့ အဖေ့ရဲ့အလုပ်ကိစ္စတစ်ခုကို ကူညီပေးရင်း
မရောက်တာကြာပြီဖြစ်တာတစ်ကြောင်း၊ ရေပေါ်ရှပ်ပြေးအမြန်ယာဉ်မစီးဖူး
တာနဲ့ ဘိတ်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။တစ်ယောက်တည်းသွားရမှာပျင်းတာနဲ့
သူငယ်ချင်းတွေကိုအဖော်စပ်လိုက်တော့ကျနော်နဲ့အတူနောက်ထပ်သုံးယောက်ပါ
လာတယ်။

တနင်္သာရီတိုင်းမှာ ထားဝယ်၊မြိတ် နဲ့ ကော့သောင်းမြို့များကိုပြေးဆွဲနေတဲ့
အမြန်ရေယာဉ်လိုင်းတွေက ဧရာနဒီ၊ ဟိုင်ဖိုင်၊ ၂၇ ဆိုပြီးသုံးလိုင်းရှိပါတယ်။
မိုးလေဝသအခြေအနေပေါ်မူတည်ပြီး သုံးလိုင်းအလှည့်ကျ နေ့စဉ်လိုလို
ပြေးဆွဲပေးပါတယ်။

ကျနော်တို့သွားမဲ့ရက်က ဧရာနဒီအလှည့်ဆိုတော့ မနက်၁နာရီလောက်
ကတည်းက ဧရာနဒီအမြန်ယာဉ်ရုံးခန်းကိုသွားပြီး အမြန်ယာဉ်ဆိုက်ကပ်
ရာဆိပ်ကမ်းကိုသွားဖို့အတွက် ကားသွားစီးရပါတယ်။

ထားဝယ်မြို့ပေါ်ကနေကား ၁နာရီကျော်ကျော်လောက်စီးသွားတဲ့အချိန်မှာတော့
သရက်ချောင်းမြို့နယ်က အမြန်ယာဉ်ဆိုက်ကပ်ရာ ဆင်ဖြူပြင်ဆိပ်ကမ်း
ကိုရောက်ပါတယ်။

သင်္ဘောစထွက်တော့မနက်လေးနာရီကျော်နေပါပြီ။ တစ်လမ်းလုံး
အိပ်သွားတာ ဘိတ်ကမ်းကိုကပ်ခါနီး သူငယ်ချင်းတွေနှိုးတော့မှပဲ
နိုးလာပါတော့တယ်။ ကျနော်တို့ ဘိတ်ကိုရောက်တော့ မနက်၈
နာရီရှိပြီ။ အမြန်ယာဉ်ကတော့ခရီးသည်တင်၊ချလုပ်ပြီး
ကော့သောင်းကိုဆက်လက်ထွက်ခွာသွားပါတယ်။

အမြန်ယာဉ်ပုံကိုဓာတ်ပုံရိုက်ဖို့မေ့လာလို့ ဂူဂဲလ်ကပဲဒေါင်းလိုက်ရတယ်။
အောက်ကပုံကတော့ ၂၇အမြန်ယာဉ်လို့ထင်တာပဲ။



ရောက်ပါပြီ။





ဆီအုန်းခြံတွေပေါများလှတာကြောင့်နိုင်ငံရဲ့ဆီအိုးကြီးဖြစ်ရမယ်တဲ့။
ပေါသာပေါပါတယ်။ဒါပေမဲ့အိမ်တိုင်းလိုလိုယိုးဒယား၊မလေးရှားတံဆိပ်
ဆီတွေနဲ့ပဲကြော်ချက်နေကြတာဘာကြောင့်ပါလိမ့်.....။



မြိတ်မြို့ရဲ့ကမ်းနားလမ်း



ရောက်ရောက်ခြင်း အလုပ်ကိစ္စကိုအမြန်ဆုံးဆောင်ရွက်ပြီးတာ
နဲ့မြိတ်မြို့ရဲ့နာမည်ကျော် ကတ်ကြေးကတ်သွားစားတယ်။ ပုစွန်များများ
ပင်လယ်စာကတ်ကြေးကိုက်ကတော့ ကျနော်ခံတွင်းတွေ.လှပါတယ်။

၁၀နှစ်ကျော်ကျော်လောက်မရောက်ဖြစ်ခဲ့တဲ့မြိတ်မြို့ကတော့
အရင်ရောက်ခဲ့တဲ့ဖူးတဲ့အချိန်ကနဲ့စာရင်အရမ်းကိုကွာနေပါပြီ။
ဝါးလတ်၊ဝါးတန်း၊ပုလဲ၊ရာဘာ၊ငှက်သိုက်သူဌေးများနေတဲ့မြို့
ဖြစ်သဖြင့်တိုက်တာအဆောက်အအုံများပေါသလို၊ကားအကောင်း
စားတွေလည်းပေါများလှပါတယ်။

အူမတောင့်မှသီလစောင့်နိုင်မှာဖြစ်တာကြောင့် အစာစားပြီးမှပဲ
ရွှေတိဂုံပုံတူစေတီကိုသွားရောက်ဖူးမြော်ခဲ့တယ်။


အရင်ကဘိတ်ရောက်ရင်ကျွဲကူးသွားကြမယ်ဟေ့ဆိုပြီး
ရေ သွားပြီးကြည့်ရတဲ့နေရာလေးပါ။
အခုတော့နိုင်ငံတော်ရဲ့စေတနာနဲ့တံတားကြီးဆောက်လုပ်ပြီးစီးသွားလို့
ကျွဲကူး၊ကျောက်ဖျာတံတားကြီးဖြစ်နေပါပြီ။းP



သိမ်တော်ကြီးစေတီတော်ကြီးကိုတောင်အောက်မှပဲဖူးမြော်ရင်း
မြိတ်မြို့တစ်ပါတ်ပတ်ခဲ့ပါတယ်

ဆိပ်ကမ်းမှာငါးမျှားတဲ့သူတစ်ယောက်


ကမ်းနားလမ်းမှာရှိတဲ့အသိတစ်ယောက်အိမ်ကိုဝင်ရင်း
အဝေးကပဲ ရွှေသာလျောင်းနဲ့ ပထော်ပထက်ဘုရားကိုကန်တော့လိုက်
ပါတယ်။



နောက်တော့အဲဒီမိတ်ဆွေကြီးကပဲ ကမ်းနားလမ်းအဆုံးနားကမကြာမီ
မှာဖွင့်လှစ်တော့မဲ့မြိတ်ရှော့ပင်းမောကြီးကိုသွားပြပြီး မြန်မာစာကောင်း
တဲ့ဆိုင်တစ်ဆိုင်မှာထမင်းလိုက်ကျွေးပါတယ်။

အလုပ်ကိစ္စလည်းပြီး၊ စားချင်တဲ့ကတ်ကြေးကိုက်လည်းစားအပြီး၊ လည်သင့်
သလောက်လည်ပြီးတာနဲ့ နေ့လည် ၁၂နာရီ အမြန်ယာဉ်နဲ့ထားဝယ်မြို့ကိုပြန်ခဲ့
တယ်။ ဒီတစ်ခေါက်အပြန်ခရီးမှာတော့ အိမ်ပြန်လက်ဆောင်တစ်ယောက်ကို
ကတ်ကြေးကိုက်ငါးဘူးစီကိုင်ရင်း.......။

ထားဝယ်ပြန်ရောက်တော့ညနေ၄နာရီလောက်ရှိပြီ။

တားမြစ်ထားတဲ့ငါးတွေ၊လိပ်တွေမဖမ်းဖို့ဒီလိုသတိပေးထားတယ်။



ဆင်ဖြူပြင်ဆိပ်ကမ်း



မြို့ပေါ်ကိုသွားတဲ့ကားစီးသွားရင်း........

ရွာနာမည်ကပန်းချီရှောင်ရွာတဲ့။ ရာဇဝင်တစ်ခုခုတော့ရှိရမယ်ဗျ။
ကားလမ်းနံဘေးမှစေတီလေး


စပါးခင်း၊ထန်းပင်တစ်ချို့နဲ့ ဟိုးအဝေးမှာမြင်နေရတဲ့ တောမိုးတောင်တန်း


အဲဒီနေ့ကမှတ်မှတ်ရရ တနင်္သာရီတိုင်းတစ်တိုင်းလုံး ယိုးဒယားမိတ်ဘီယာ၊
အရက်၊ ဆီပုံးတွေကိုဖမ်းနေတယ်ဆိုတာနဲ့ ထားဝယ်မှာကုန်စုံဆိုင်ဖွင့်ထားတဲ့
သူငယ်ချင်းကတော့သူ့ခမျာအိမ်ကို ရင်တထိပ်ထိပ်နဲ့ပြန်ခဲ့ရရှာတယ်။

October 31, 2010

တစ်ခါကကော့သောင်း-၃

ရနောင်းမှပြန်ရောက်ပြီး ညနေဘက်မှာမြန်မာပြည်ကုန်းမြေရဲ့အစွန်းဖျားဆုံး
ဖြစ်တဲ့ ဘုရင့်နောင်အငူကိုသွားရောက်ခဲ့တယ်။ နေ့တိုင်းလိုလိုဆိုင်ကယ်နဲ့
ဖြတ်နေပေမယ့်လည်းသတိထားမမိခဲ့ဘူး။ ဒါနဲ့အစ်မကိုမေးတော့မှနဂါး
နှစ်ကောင်နဲ့ကလေးလေးတစ်ယောက်ရှိနေတာဘုရင့်နောင်အငူပါဆိုလို့
သေချာလိုက်ရှာကြည့်တော့ဆီအုန်းပင်များနဲ့လှပတဲ့ကမ်းနားလမ်းရဲ့အဆုံးအစွန်း
ပိုင်းလေးနားမှာတွေ.တယ်။ညနေပိုင်းမို့လို့လမ်းလျှောက်သူများနဲ့စည်ကား
လျက်ရှိပါတယ်။


ဘုရင့်နောင်အငူ


အသက်သုံးနှစ်လောက်နဲ့ပဲများလှတဲ့ကော့သောင်းသူတူမငယ်
အိုက်စကရင်စားချင်တယ်ဆိုလို့နေရာပြဆိုတာနဲ့
သူပဲလမ်းပြပြီးမုန့်ဆိုင်ကိုခေါ်သွားတယ်။

သတ္တမအကြိမ်မြောက်ကျောင်းသားအားကစားပွဲတော်သီချင်းတစ်ပုဒ်
မှာပါတဲ့စာသားတစ်ကြောင်းဖြစ်တဲ့"သူဌေးကျွန်းလည်းမဝေးပါ.....
သူဌေးကျွန်းလည်းမဝေးပါ၊မြန်မာပြည်တောင်ဘက်အစွန်းမှာ"တဲ့။
မဝေးဘူးသာပြောတယ်.....အခုမှပဲတစ်ခေါက်ရောက်ဖူးတော့တယ်။
မပြန်ခင်တစ်ရက်မှာတော့သူဌေးကျွန်းကိုဆွေမျိုးနီးစပ်ရာတွေနဲ့
ချီတက်ခဲ့ကြတယ်။ကျွန်းပြန်ကြီးတွေဆီကကြားဖူးတဲ့ကြားစကားတွေ
ဖြစ်တဲ့ဟိုတယ်ကြီးကဘယ်လောက်ခမ်းနားကြောင်း၊ကာစီနိုကြီးကဘယ်
လိုရှိကြောင်း၊အော်ဇီကအကမယ်တွေဘယ်လိုချောကြောင်းစတဲ့
စကားတွေကြောင့်အနေ့နေ့ညညမက်ခဲ့တဲ့သူဌေးကျွန်းကြီးကိုရောက်
တော့မယ်ဆိုတော့ကြိုတင်ပျော်နေမိတယ်။

သူဌေးကျွန်းကိုကော့သောင်းမှခရီးသည်ကြိုပို့လှေမရှိတော့
ဟော်တယ်မှာအလုပ်လုပ်သူတွေစီးတဲ့ဖယ်ရီလှေပဲခရီးသွားတွေ
အားကိုးကာသွားရတယ်။သူတို့အလုပ်ဆင်းချိန်၊ပြန်ချိန်စတဲ့နေ့ဆိုင်း၊
ညဆိုင်းလဲလှယ်တဲ့အချိန်တွေကိုကြိုတင်သိထားရပါတယ်။
ဒါမှလည်းဘယ်အချိန်လှေထွက်ပြီးကော့သောင်းကမ်း
ဘယ်အချိန်ပြန်ရောက်နိုင်မလဲဆိုတာသိနိုင်ပါတယ်။

ကျနော်တို့သွားတော့ညနေ၅း၀၀အခေါက်နဲ့ပါ။မိုးဖွဲဖွဲကျနေတဲ့အတွက်
ရာသီဥတုကတော့အေးချမ်းကာမှောင်မဲနေပါတယ်။ရှုခင်းတွေကြည့်
ဖို့အတွက်လှေရဲ့အပေါ်ထပ်ကိုတက်ကာနေရာယူလိုက်တယ်။
လှေထဲမှာတော့အလည်လာတဲ့ဧည့်သည်ဆိုလို့ကျနော်တစ်ယောက်
တည်းနဲ့ကျန်တာတွေကကော့သောင်းမြို့ခံတွေ၊အလုပ်ဆင်းမဲ့သူတွေပါ။


မြန်မာ့ကုန်းမြေအစွန်းဖျားဆုံးဘုရင့်နောင်အငူ


ကော့သောင်းမြို့ကိုလှေပေါ်မှတွေ.ရစဉ်


Andaman Club Myanmar


တွေ.ပါပြီဗျာ....သူဌေးကျွန်းဟိုတယ်
ကျွန်းရဲ့ထိပ်မှာဆောက်ထားတဲ့အတွက်ထီးထီးမားမားနဲ့
အမြင်မှာတော့သားနားပါတယ်။


ကျွန်တော်တို့စီးလာတဲ့လှေလေးကမ်းကပ်ပါပြီ။

အောက်ဆင်းလိုက်တော့


ဒီလိုမျိုးလှေတွေလည်းရှိတယ်။ရနောင်းကကာစီနိုလာကြတဲ့
လှေတွေလို့တော့ပြောတာပဲ။

တံတားလေးပေါ်မှာဟိုကြည့်ဒီကြည့်နဲ့လမ်းလျှောက်လာပြီးကောင်တာ
တစ်ခုတွေ.တယ်။လေယာဉ်ကွင်းတွေမှာလိုပစ္စည်းစစ်တဲ့နေရာ
အသေးလေးပါ။ဒါပေမဲ့လည်းစစ်သူမရှိပဲဒီအတိုင်းထားထားပါတယ်။
ဖုန်တောင်နဲနဲတက်နေလားပဲ။
နောက်ကောင်တာတစ်ခုထပ်တွေ.တယ်။တောင်ပေါ်ကိုကားနဲ့တက်
ဖို့စီစဉ်ပေးတာပါတဲ့။ဘယ်နှစ်ယောက်လည်းမေးတော့ကျနော်တို့
အားလုံးက၁၂ယောက်။ ဒါနဲ့ကားနှစ်စီးခွဲပြီးတက်ခဲ့တယ်။


ဒီကားလေးနဲ့


ဒီလိုလမ်းတွေကိုဖြတ်ပြီးတက်ခဲ့တယ်။ ၅မီနစ်လောက်ပါပဲ။


ဟိုတယ်ရှေ့ကိုဆိုက်ရောက်ပါပြီ။



ဟိုတယ်အထဲမဝင်ခင်တစ်နေရာမှာပါ။ အရင်ကပိုစတာတွေထဲမှာတော့
ခဏခဏမြင်ဖူးနေတာပဲ။ အခုမှမျက်မြင်ကိုယ်တွေ.တွေ.ရတော့
တော်တော်လှပါလားလို့တော့မှတ်ချက်ချလိုက်ပါတယ်။
အပြင်မှာတော့ဟိုးဘက်မှာပင်လယ်ကိုမြင်နေရတယ်။

အထဲရောက်တော့မြန်မာ့ဆိုင်းဝိုင်းကြီးကကြိုဆိုနေပါတယ်။
ပထမဆုံးကျနော်ကကြားဖူးနားဝအတိုင်းအော်ဇီကချေသည်တွေ
ကတဲ့ကပွဲသွားကြည့်ရအောင်လို့ပြောတော့အဲဒါမရှိတော့ဘူးတဲ့။
ဟိုတယ်ပိုင်သူဌေးကအရှုံးပေါ်နေလို့ဈေးကြီးတာနဲ့မခေါ်နိုင်ဘူး
ဆိုပဲ။ဒါနဲ့ပဲကာစီနိုထဲဝင်ကာအောက်ထပ်မှာအခြေအနေနဲနဲ
ကြည့်လိုက်တယ်။ဂျက်ပေါ့စက်တွေမှာတော့လူတွေပြည့်လုနီးပါးပဲ။
အတူလာတဲ့သုံးလေးယောက်လောက်ကတော့လက်စမ်းမယ်
ဆိုပြီးအကြွေလဲကာအသီးသီးနေရာယူလိုက်တယ်။

ကျနော်ကတော့အရင်ကအထူးစပါယ်ရှယ်လူသားများသာတက်ခွင့်
ရတဲ့အပေါ်ထပ်ကိုအခုလူတိုင်းကိုတက်ခွင့်ပေးထားတာနဲ့ဘာများရှိမလဲ
လို့သိချင်စိတ်နဲ့တက်ဖြစ်တယ်။တွေ.ပါပြီ။ ဖဲဝိုင်းတွေ။တွယ်တီဝမ်းကတစ်ဝိုင်း
လောက်သာရှိပြီးကျန်တာတွေကရှမ်းကိုးမီးတွေပါ။ အစ်ကိုကမင်းဆော့မလား
တဲ့။ စိတ်ကိုဆွပေးလိုက်သလိုပဲ။ ဘယ်ရမလဲ.....ကိုယ့်အကြိုက်ပဲလေ။
နာရီဝက်လောက်ထိုင်လိုက်တာဘတ်၁၅၀၀လှူလိုက်ရတယ်.....။
သာဓု.....သာဓု....သာဓု.....။

ကာစီနိုကထွက်တော့ဖဲရှုံးလို့ဗိုက်ဆာစပြုလာတာနဲ့ထမင်းဆိုင်ဘက်ကို
ဦးတည်လိုက်တယ်။အစ်မရယ်၊သူ့သူငယ်ချင်းနဲ့တူမငယ်ကတော့
သူတို့မှာဘူဖေးလက်မှတ်အလကားရထားတာတွေရှိတယ်ဆိုတာတဲ့နဲ့
ဘူဖေးကြိတ်မယ်တဲ့။ကျနော်တို့ကတော့ယိုးဒယားစာနဲ့ဆာရှီးမီကိုအခါးရည်
နဲနဲနဲ့မြည်းခဲ့တယ်။

စကားစမြည်ပြောပြီးတာနဲ့ကာစီနိုအရှေ့ကစတိုးဆိုင်ထဲဝင်ပြီး
ဝင်မွှေပြန်တယ်။ အရက်ပုလင်း၊ဆေးလိပ်ဗူး၊ကျောက်မျက်ရတနာ၊
အဝတ်အစားနဲ့မု့န်တွေရောင်းတဲ့ဆိုင်လေးပါ။နက်ဖြန်ပြန်တော့မှာဆိုတော့
လက်ဆောင်လေးဝယ်သွားမှဆိုပြီးမြေပဲကြက်ဥနဲ့ချောကလက်နဲနဲဝယ်ခဲ့
လိုက်တယ်။

လှေပြန်ထွက်ဖို့အချိန်နဲနဲစောသေးတာနဲ့လော်ဘီမှာထိုင်ပြီးယိုးဒယားအဖိုး
ကြီးတစ်ယောက်စန္ဒယားတီးပြီးသီချင်းဆိုတာနားထောင်နေလိုက်တယ်။
ယပလက်သူအချို့ကတော့သီချင်းလိုက်ဆိုနေပြီးပျော်နေကြလေရဲ့။

ဒီလိုနဲ့ပဲညဆယ်နာရီလောက်မှာကော့သောင်းကမ်းကိုပြန်ရောက်ခဲ့တယ်။
အိမ်မပြန်ခင်ကော်ဖီဆိုင်ထိုင်နေတုန်းပိုစတာတစ်ခုတွေ.ခဲ့သေးတယ်။
သူဌေးကျွန်းမှာမဂ်လာဆောင်ချင်တဲ့မောင်နှံများအတွက်လူဘယ်လောက်
စာကိုမည်မျှကျမည်ဖြစ်ကြောင်းသေချာရှင်းပြထားပါတယ်။တစ်ညတည်း
ခိုခွင့်လည်းပေးမယ်တဲ့။

မနက်ရောက်တော့ပြန်ခါနီးအစ်မတစ်ယောက်အိမ်သွားနှုတ်ဆက်တာ
ဆဲလွှတ်လိုက်တယ်။ကော့သောင်းလိုနဲ့ပါ။ပြီးတော့ပြောသေးတယ်
ဘုရားပဲသိတော့မယ်...ဘာလဲမောင်နှမကော့သောင်းတစ်ပတ်လာတာ
အလာတစ်ရက်နဲ့အပြန်တစ်ရက်ပဲတွေ.တယ်။နင့်မိကိုငါတိုင်အုံးမယ်တဲ့....
သူအားတဲ့အချိန်ကျနော်ကလျှောက်လည်နေပြီးကျနော်အားပြန်တော့
သူကဟိုဘက်ကမ်းရောက်နေတယ်လေ။ဘယ်တွေ.မလဲး)

ကျနော်ကဘုကလန့်ကောင်ဆိုတော့လေယာဉ်ကွင်းရောက်တော့
ပြေပြေလည်လည်လေးပြောပေးလိုက်မှပဲအဆင်ပြေပါတော့တယ်။
ဒါမှလည်းအိမ်ပြန်ရောက်မှာကိုး။ ဒါတောင်သူတို့ကရွဲ.သလိုနဲ့စောင်းပြီး
ပြောနေသေးတယ်။မှတ်ပုံတင်၁၀နှစ်ကနေ၁၈ပြည့်ကိုလဲထားတာ
မရသေးလို့ထားဝယ်လ.ဝ.က ကထောက်ခံစာပေးလိုက်တာလည်းယုံပုံမရပါဘူး။
ခက်ပါပေ့ဗျာ။ပြီးတော့စာရွက်လေးတစ်ရွက်ထုတ်ပေးတယ်။ ၁၀ချက်ဖြည့်တဲ့။
နောက်ထပ်တစ်နေရာလောက်သွားပြီးအမေးမြန်းခံပြီးမှရှိသမျှအကွက်တွေ
မှာလက်မှတ်ထိုးထားတာအပြည့်ရပါတယ်။


ဒါပဲကြည့်ပါတော့ဗျာ.....။

ကော့သောင်းခရီးစဉ်ပြီးပါပြီ။း)

October 30, 2010

အင်ဒိုအစာ

အင်ဒိုနီးရှားအစာသွားစားဖို့သူငယ်ချင်းတစ်ယောက်ကဖုံးဆက်ခေါ်တာနဲ့
လပ်ကီးပလာဇာဒုတိယအထပ်မှာရှိတဲ့ Resto Surabayaကိုဒီတစ်ပတ်
ရောက်ခဲ့တယ်။
ဆိုင်လိပ်စာကLucky Plaza #02-63/64.Far East Plaza မှာဆိုရင်
#05-26/26Aပါ။ ဆိုင်ကတော့ နာမည်တူတူပါပဲ။

ကြားရက်မို့လို့ညနေဘက်ဆိုင်မှာလူရှင်းနေပါတယ်။တစ်ယောက်က
သက်သတ်လွတ်မို့လို့Ayam Penyetစားလို့မရတာနဲ့ အသုပ်တစ်ပွဲနဲ့
ကန်စွန်းရွက်ကြော်တစ်ပွဲမှာတယ်။ သူ့ရဲ့သက်သတ်လွတ်ကလည်း
ဆန်းပါပေ့ဗျာ။အသားမစားမိရင်ပြီးရောတဲ့။ အသုပ်မှာလည်း
ငါးမုန့်ကြော်တွေကိုဖယ်စားသွားရှာတယ်။


Gado-gado
ပဲပင်ပေါက်၊ကြက်ဥ၊မြေပဲအနှစ်၊ပဲသီး၊မုန်လာဥတွေရောသမမွှေထားပြီး
အပေါ်ကငါးမုန့်တွေတင်ပေးထားတယ်။


အင်ဒိုကန်စွန်းပလိန်း


Ayam Penyet
ငရုပ်သီးဆော့ကစပ်တာနဲ့ပဲငံပြာရည်များများထည့်ပြီးစားခဲ့ရတယ်။


ချဉ်ချဉ်၊ချိုချို၊စပ်စပ် သီးစုံဟင်း


အအေးတွေကြည့်တော့ မု့န်လက်ဆောင်းလိုဟာတွေလဲရှိတယ်။
ရွှေရင်အေးလိုမျိုးလဲရတယ်။အင်ဒိုနာမည်တွေတော့မေ့သွားပါပြီ။
သောက်ကျတာကတော့ကျောက်ကျောအမဲကတစ်ခွက်၊
ကျန်သုံးခွက်ကတော့အုန်းသီး၊ပေသီး၊ပင်မွှားတွေနဲ့အစိမ်းက
သခွားမွှေးအနံ့ထင်တယ်။အနီကတော့ဘာလဲမသိတော့ဘူးဗျာ။

အရသာလည်းရှိတယ်။ စားလို့လဲကောင်းတယ်။ ဈေးနှုန်းလဲသင့်
တယ်။ စပ်တာကလွဲရင်ပေါ့။ စားပြီးတာနဲ့ ဗိုက်တင်းသွားလို့
အောချတ်လမ်းမမှာ လမ်းခဏလျှောက်ရင်း ဘရမ်းဒက်တွေကို
သားရေကျကာ အမ်အာတီကိုဆင်းခဲ့ပြီး အားလုံးလမ်းခွဲခဲ့တယ်။

Enjoy :)

October 22, 2010

တစ်ခါကကော့သောင်း-၂

ကော့သောင်းမှာ ၂ရက်လောက်နေပြီးတဲ့နောက်မှာတော့ ဘရားသားက
သူအားတဲ့တစ်နေ့မှာရနောင်းကိုလိုက်ပို့ပါတယ်။ ဒေသအခေါ်ပဲ့ချိပ်ဆိုတဲ့
လှေမှာမော်တာတပ်ထားတဲ့ဟာလေးနဲ့သွားရတာပါ။မသွားခင်ကမ်းနားလမ်းမှာ ဟိုဘက်ကိုကူးဖို့အတွက်ဘယ်သူကထောက်ခံပေးကြောင်း၊ကော့သောင်း
အိမ်ထောင်စုစာရင်းတွေကအစပြရပြီးပြန်လာမှလာရွေးဖို့
ထားခဲ့ရပါတယ်။ လူကုန်ကူးမှုကိုလျှော့ချဖို့အတွက်နည်းလမ်းတစ်ခုလား
လို့တွေးမိပါသေးတယ်။ ဒါပေမဲ့ သူ့နည်းသူ့ဟန်တော့သွားနေကြမှာပေါ့။
(ကျနော်ထင်တာပါ။)

ဓာတ်ပုံရိုက်ပြီးကဒ်ပြားလေးတစ်ပြားထုတ်ပေးပါတယ်။မြန်မာအင်မီ
ဂရေးရှင်းကအသိမှတ်ပြုထားတာလေးပါ။

ပဲ့ချိပ်ပေါ်မှ မြင်နေရတဲ့ Honey Bear Hotel

လှေအပေါ်မှာရှိတဲ့သစ်သားအပြားတွေမှာထိုင်ရပြီး နေပူဒဏ်ကို
ကာကွယ်ဖို့အတွက် ထီးတစ်ယောက်တစ်ချောင်းစီပေးပါတယ်။

ကော့သောင်းကမ်းရဲ့အိမ်တစ်ချို့


ကော့သောင်းမြို့မျက်နှာချင်းဆိုင်ကကျွန်းတစ်ခု

အဲဒီကျွန်းရဲ့အနောက်ဖက်မှာ လူဝင်၊လူထွက်စစ်ဆေးရေးဆိုတာရှိ
ပါတယ်။ ကော့သောင်းကမ်းကပေးလိုက်တဲ့ကဒ်ပြားလေးပြပြီး
လှေပေါ်မှာဘယ်နှစ်ယောက်ပါတယ်ကြည့်ပြီးသွားခွင့်ပြုပါတယ်။




တစ်ဖြေးဖြေးနဲ့ဝေးလာတဲ့ ကော့သောင်းမြို့လေး

ဒီလိုနဲ့ ကပ္ပလီပင်လယ်ပြင်ကြီးကိုဖြတ်ကျော်ပြီး ၁၅ မိနစ်လောက်
ကြာလာတဲ့အချိန်မှာတော့....

ဟိုးအဝေးကမြင်နေရတဲ့ မျှော်စင်လား၊မီးပြတိုက်လေးလားတော့မသိဘူး။
ရနောင်းဖက်ကို မြင်နေရပါပြီ။


အနောက်နိုင်ငံသားတစ်ချို့ရနောင်းမှ မြန်မာပြည်ဖက်ကိုသွားနေတာ
ပါ။ စင်းဂါးတစ်လုံးစီနဲ့ပျော်ရွှင်နေပုံရပါတယ်။း)
အနောက်မှာတော့ Jansom Beach Resort


ရနောင်းအင်မီဂရေးရှင်းကိုရောက်တော့ အပေါ်တက်ပြီး ဗီဇာယူရ
ပါတယ်။ ၁ပတ်တဲ့။ ဒါပေမဲ့ဘယ်လောက်ကီလိုမီတာအထိပဲသွားလို့
ရတယ်လို့ရေးထားပါတယ်။ ဒီမြို့ကကျော်လို့မရတဲ့သဘောပဲ။
ကားစီးပြီးဖူးခက်သွားရင်ကောင်းမှာပဲလို့ပြောတော့အစ်ကိုက
ငါအေးအေးဆေးဆေးအိမ်ပြန်ပါရစေတဲ့။ ဟားဟား


ဒီလိုလေးတစ်ခုထုတ်ပေးပါတယ်။

လှေကဆက်သွားပြီး ရှေ့နားရောက်တော့ တစ်ခါရပ်ပြန်တယ်။
ခုလေးတင်ထုတ်ပေးလိုက်တဲ့ ဝင်ခွင့်ကဒ်ကို ဒီမှာတစ်ခါပြရ
ပြန်ပါသတဲ့။

ကွမ်ရင်မယ်တော်ရဲ့အအောက်မှာရှိတဲ့စစ်ဆေးရေးဂိတ်ပါ။


အနီးအနားကကျွန်းလေးတွေကိုဖြတ်ပြီးဝင်လာပါပြီ။

ကမ်းပေါ်ရောက်ရောက်ချင်းအပြင်ထွက်လိုက်တာနဲ့
ငှားထားတဲ့ကားက ၁နာရီလောက်အဲကွန်းဖွင့်ပြီးကြို
စောင့်နေပါသတဲ့။ ကျွဲရိုင်းတစ်လုံးသောက်အပြီးမှာတော့
အမောနဲနဲပြေသွားပါပြီ။ မြို့အနှံ့မှာ125Dream/Waveဆိုင်ကယ်တွေ
နဲ့အတူdouble cabကားအများအပြားကိုတွေ.ရပါတယ်။ပထမဆုံး
ဟိုတယ်တစ်ခုကိုအရင်သွားပြီးအခန်းတစ်ခန်းယူကာပစ္စည်းတွေထား
ခဲ့တယ်။

ထမင်းစားချိန်ရောက်နေပြီမို့လို့ကားဆရာကရေပူစမ်းလမ်းလေးအတိုင်း
ကွေ.သွားပြီး အစားအသောက်ကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုခေါ်သွားပါတယ်။
တောင်စောင်းလေးအပေါ်မှာအဝိုင်းတိုင်းကိုအမိုးသေးသေးတစ်ခုအောက်မှာ
ကွပ်ပျစ်တစ်ခု၊စားပွဲကြီးတစ်လုံးနဲ့အေးအေးဆေးဆေး
ထိုင်စားနိုင်အောင် အိုင်ဒီယာကောင်းကောင်းနဲ့ဆောက်လုပ်ထားပါတယ်။
အစားအသောက်မှာတာကလည်းအဆင့်မြင့်မှမြင့်ပဲ။ဝေတာတစ်ယောက်
စီမှာဝေါ်ကီတော်ကီတစ်လုံးစီနဲ့တစ်ခုမှာတိုင်းအပေါ်မှအောက်ဆင်းပြောစရာ
မလိုပဲ ချက်ခြင်းပြောလိုက်ရုံပါပဲ။


ပုစွန်ပွကြော်၊ငါးပွကြော်နဲ့သရက်သီးထောင်း၊တောက်ဝက်သားချက်၊
သီးစုံတောဟင်းတဲ့။ စပ်ချက်ကကမ်းကုန်ပါပဲ။


ဒါလေးတော့ကောင်းတယ်ဗျ။ ပိန်းဥနဲ့ငါးခေါင်းဟင်းချို။


ထမင်းကိုငွေဖလားနဲ့ထည့်ပေးပါတယ်။


အစပ်ဆုံးသော၊အမွှေးဆုံးသောအရွက်၊အစေ့၊အသီးများနဲ့သီးစုံ
တောဟင်းတဲ့။

စားလို့အပြီးမှာတော့ ရေပူစမ်းသွားပါတယ်။နေပူလွန်းလို့အောက်တောင်
မဆင်းပဲအပေါ်ကပဲကြည့်ပြီးပြန်ခဲ့တယ်။ နောက်တော့ဘရားသားက
ငါးစာကျွေးချင်တယ်ဆိုတာနဲ့ ငါးကန်သွားကြတယ်။


ငါးကန်နားကဘုရားဆင်းတု။


ဘုရင်ပုံလို့ထင်ရတာပဲ။အဲဒီအနောက်မှာဘုန်းကြီးတွေတရားအားထုတ်
တဲ့အဆောင်လေးတွေရှိတယ်။


ငါးတွေကအစုံပဲဗျ။ငါးရံတွေရော၊ငါးခူတွေရော၊တလားပီးယား၊ရွှေဝါငါးကြင်း
မမြင်ဖူးတဲ့အကောင်တွေရော၊သေးသေးလေးမှအကြီးကြီးထိအရွယ်အမျိုးမျိုး
ရှိပါတယ်။အစာတစ်ပုံးပစ်ချလိုက်တာနဲ့ဝုန်းဝုန်းဝုန်းနဲ့လာကြတာဖြင့်
အကောင်ကြီးတွေဝင်တိုးလိုက်ရင်ငယ်တဲ့အကောင်တွေကလေပေါ်တောင်
မြှောက်တက်သွားတယ်။ထူးခြားတာတစ်ခုကဘုန်းကြီးကျောင်းတိုင်းမှာမီးသဂြိင်္ုလ်
စက်တွေရှိတာပါပဲ။ နဲနဲတော့ကြက်သီးထသွားတယ်။

ငါးကန်ကပြန်တော့ Lotusဆိုတဲ့ရှော့ပင်းမောတစ်ခုရောက်တယ်။
ကျနော်စိတ်ထဲတော့၉မိုင်ကအိုးရှင်းကိုရောက်သွားသလိုပဲ။
ဆိုင်းဘုတ်တွေကိုမြန်မာ၊ယိုးဒယား၊အင်္ဂလိပ်သုံးဘာသာနဲ့ညွှန်ပြထား
ပါတယ်။ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးဆူရှီတစ်ဗူးနဲ့သစ်ချသီးလှော်တစ်ထုပ်
ဝယ်ကာပြန်ခဲ့တယ်။

ပင်ပန်းစပြုလာပြီမို့ဟိုတယ်ပြန်ကာခဏအနားယူလိုက်တယ်။
ဒီဟိုတယ်လေးကအဆင့်မမြင့်လှပေမဲ့ဈေးချိုပြီးဆားဗစ်လည်း
ကောင်းတယ်။တစ်ညမှဘတ်၈၅၀လားပဲ။ရေကူးကန်လေးတောင်
ပါသေး။



ညရောက်တော့ဝမ်းကွဲအစ်မတစ်ယောက်ရဲ့ယောင်္ကျား(ယောက်ဖကြီး)
ကရနောင်းရောက်နေတာမို့လို့ထမင်းလိုက်ကျွေးမယ်ဆိုတာနဲ့
sea foodကောင်းကောင်းတစ်ဆိုင်ရောက်သွားပါတယ်။နောက်တော့
ကလပ်သွားချင်တဲ့ကျနော့်ကိုခေါင်းချကာလိုက်ပို့မယ်လုပ်တော့
တစ်ခုတည်းသောကလပ်ကအကြီးစားပြင်ဆင်မှုလုပ်
နေလို့မသွားလိုက်ရပဲ၊ဘားမှာပဲယိုးဒယားသီချင်းဆိုတာလေးတွေကို
ကြည့်ပြီးအပြင်းသောက်ခဲ့ရတယ်။ ဟိုတယ်ပြန်ခါနီးညဘက်ဖွင့်တဲ့
ဆန်ပြုတ်ဆိုင်လေးမှာဆန်ပြုတ်သွားသောက်လိုက်သေးတယ်။

မနက်ရောက်တော့ကားဆရာလာတာနဲ့ဟိုတယ်ချက်အောက်လုပ်ပြီး
ဒင်းဆန်းအရင်သွားစားကြတယ်။
နောက်တော့ဘရားသားကအလုပ်ရှိလို့သူ့ရဲ့သွားစရာနေရာတွေ
ခဏသွားပြီးတာနဲ့မြို့ထဲကဈေးဘက်ကိုရောက်တယ်။အီလက်ထရောနစ်၊
သစ်သီးဆိုင်တွေ၊အင်္ကျီဆိုင်တွေစုံလှပါတယ်။အကျီင်္ဆိုင်တွေဝင်ကြည့်တော့
မသားနားပေမဲ့ရန်ကုန်ကအမ်ကေထဲရောက်သွားသလိုပဲ။အဲဒီကဘရန်းတွေ
အားလုံးနီးပါးရှိပါတယ်။ ကျနော်လည်းဈေးအပေါဆုံးသောအကျီင်္၂ထည်လောက်
နဲ့ဖိနပ်တစ်ရံဝယ်ခဲ့သေးတယ်။

ဆေးရုံနားကဘုရားတွေလည်းရောက်တယ်။

အထဲမှာဓာတ်ပုံတော့မရိုက်ဖြစ်ဘူး။အပြင်မှာစာရေးပြထားတာလေးပါ။



ဒါကဘုန်းကြီးကျောင်းလား၊ပန်းခြံလားမသိဘူး။

ဘရားသားကကွန်ပြူတာဆိုင်ခဏဝင်နေတုန်းအနီးအနားလျှောက်ကြည့်
မိတယ်။

သူတို့မြို့လမ်းညွှန်ဆိုင်းဘုတ်လေးတွေလည်းဒီလိုထောင်ထားတယ်။

၁၂နာရီလောက်ရှိပြီမို့ထမင်းသွားစားကြတယ်။ထမင်းဆိုင်သွားတဲ့လမ်းမှာ
တွေ.ရတဲ့ရနောင်းမြို့ဟောင်းကအုတ်ကျိုးတွေ၊မြို့ရိုးတွေထင်တယ်။



ထမင်းဆိုင်ကဖိနပ်ချွတ်ဆိုင်ဆိုလားပဲ။အရင်ကဖိနပ်ချွတ်ပြီးမှဆိုင်ထဲဝင်ရလို့
ဖိနပ်ချွတ်ဆိုင်လို့နာမည်ပြောင်ပေးထားတာပါတဲ့။အဲဒီဆိုင်မှာတစ်ခုသော
ဟင်းတစ်မျိုးကိုအလွန်ကြိုက်မိတယ်။ ပုစွန်တုတ်ကိုသကြားနဲ့အချိုကြော်ပြီး
ကြက်သွန်နီကြွပ်ကြွပ်ကြော်၊ငရုပ်သီးခြောက်ကြော်တွေနဲ့ပြန်ပြီးလုံးထားတဲ့
အတွက်မွှေးပြီးတော့စားကောင်းတယ်။ ကျနော်ကဘယ်လိုချက်လဲလို့မေးတော့
ဗင်နီကာပါနဲနဲထည့်တယ်တဲ့။ (စားချင်လာပြီ)

ဗိုက်ပြည့်တော့ဘရားသားအိမ်မှာသစ်ပင်စိုက်ဖို့ဆိုပြီးသစ်ပင်ဆိုင်
လေးငါးဆိုင်လောက်ရောက်ဖြစ်သေးတယ်။

သစ်ပင်ဆိုင်ကအရုပ်တွေကိုသဘောကျလို့ရိုက်မိလိုက်တယ်း)

အိမ်ပြန်တော့လှေတစ်စီးလုံးသစ်ပင်တွေအပြည့်နဲ့ပါ။မြန်မာအင်မီဂရေး
ရှင်းမှာသစ်ပင်တွေကိုကြည့်ပြီးအပေါ်ကမိုက်ချက်ချက်နေပါတယ်။


မြေသြဇာတွေလည်းပါတယ်။သစ်ပင်ညှပ်တဲ့ကပ်ကြေးတစ်လက်
တောင်ပျောက်သွားသေးတယ်။ဘယ်မှာကျန်ခဲ့လဲမသိဘူး။


ပြန်ရောက်ပြီ။