January 13, 2012

နောက်ပြန်မလှည့်စတမ်း လျှောက်ရမဲ့လမ်း


သည်ဆောင်းဟေမာန်

နှင်းငွေ့ရည်မပျယ်သေး

အအေးဓာတ်ရယ် ပေါ့ပျက်ပျက်

အခါနှစ်ဦး အချိန်သမယမှာဖြင့်

အရှေ့တောင်ပိုင်းက ညီအစ်ကိုတွေနဲ့

သဘောတူညီမှုရခဲ့ကြပြီ

မဂ်လာပါ ဒီမိုကရေစီ။


လမြတ် ဇန္နဝါရီ၊ ၁၃ရက်နေ့

ရက်မြတ်သောကြာ

Friday 13, unlucky လို့

ဘယ်သူပဲပြောပြော

တံခါးမကြီးတစ်ခု ဖွင့်လိုက်တဲ့အချိန်

တို့အမိမြေမှာ အပြုံးပန်းတွေကဝေ

မြူနှင်းများကြားမှာ မျက်ရည်မိုးတွေကစွေ

အဘိုးနဲ့မြေး၊ သားနဲ့အမိ၊ ညီအစ်ကိုတွေဆုံကြပြီ။

ဘူးဝနားမှာ ဒီတစ်ခေါက်ပါမလားလို့

အဘွားတို့၊ အဖေတို့၊ ဦးလေးတို့၊ ချစ်သောသူတို့

နှစ်ရှည်လများ၊ မျော်လင့်စောင့်စားရတဲ့အကျိုး

ဒီနေ့တော့ ဆန္ဒပြည့်ပြီ ထင်ပါရဲ့။


လူဝတ်ကြောင်နဲ့ ဘုန်းဘုန်းလည်း

ရဟန်းပြန်ဝတ်နိုင်ပြီ။

မျိုးဆက်ဟောင်းတွေလည်း တိုင်းပြည်အကျိုး

ဆထက်တပိုး ပိုမိုထမ်းရွက်နိုင်ပြီ။

လွတ်လပ်သော အနုပညာလည်း

ဖန်တီးနိုင်ပြီ။

လွတ်ကျသွားခဲ့တဲ့ မြို့တော်လည်း

ပြန်ကောက်နိုင်ပြီ။

မဂ်လာပါ ဒီမိုကရေစီ။


အခါမနှောင်းသေးပေမဲ့

နေတော့ တော်တော်မြင့်နေပြီပေါ့

စပါးနှံကိုက်ချီထားတဲ့ ချိုးငှက်ကူသံသဲ့သဲ့

အဝေးတစ်နေရာမှာ ကြားနေရတယ်

ပြည်ထောင်စု သွေးချင်းများ

ခိုင်မာသော တွဲလက်များဖြင့်

နိုင်ငံတော်အကျိုးကိုရှေးရှုလျက်

တိုးတက်မှုကိုမျှော်ရည်

ငြိမ်းချမ်းရေး တံခါးမကြီးရဲ့

သော့ပိုင်ရှင်များနဲ့

တို့တစ်တွေအတူလျှောက်ကြမယ်

နောက်ပြန်မလှည့်စတမ်း လျှောက်ရမဲ့လမ်း။


သံလွင်ဟီးရိုး

3 comments:

Anonymous said...

Super 'Like' .

ရန်ကုန်သား said...

ဒီ နှစ်ဆောင်းက ရန်ကုန်မှာ မအေးလှပေမယ့် ဒီလို သတင်းမျိုးက ရင်ကိုအေးစေတယ်ဗျာ ..... ဟုတ်တယ် ဗျို့ ကျွန်တော်တို့ နောက်ပြန်မလှည့်တမ်း လျှောက်ကြရမှာ ....

Anonymous said...

လန်းသွားပြီ။တွေဝေမနေတော့ဘူး။ဆက်လျောက်မယ်