September 9, 2009

အ.ထ.က (၁) ကပေးတဲ့ အမှတ်တရနေ့ရက်များ


ပဉ္စဂရုနံအဟံဝန္တာမိ၊ အာစရိယဂရုနံအဟံဝန္တာမိ မဂ်လာပါ ဆရာမ...
အခုအချိန်မှာtime machineကြီးသာရှိရင်နောက်ပြန်ဆုတ်ချင်တာကတော့
ဟိုးငယ်ဘဝအ.ထ.က (၁) ထားဝယ်မှာကျောင်းတက်ခဲ့ရတဲ့နေ့ရက်တွေ
ကိုပါ။ ပျော်စရာကောင်းတဲ့စတိတ်ကျောင်းဘဝကိုလူတိုင်း အကြောင်း
တိုက်ဆိုင်တဲ့ အချိန်မှာအမှတ်ရရှိနေစမြဲပါပဲ။
အဖြူနဲ့စိမ်းကျောင်းဝတ်စုံတွေဝတ်စေကာလူသားတိုင်း တပြေးညီရှိပေး
တဲ့ကျောင်းတော်ကြီး၊ ကျောသားရင်သားမခွဲခြားပဲဆက်ဆံ၊ဆုံးမတတ်တဲ့
ဆရာ၊ဆရာမတွေ၊မောဟတွေကင်းစင်ပြီး အိမ်မက်ကိုယ်စီနဲ့အနာဂတ်ရဲ့
တန်ဖိုးရှိလှသောလူငယ်ကျောင်းသားတွေ၊ထိုအရာအားလုံးဟာ
ကျနော်တို့ပညာရည်နို့သောက်သုံးခဲ့ရာ၊စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရာ၊ အမှားမှန်ကိုခွဲခြားသိမြင်အောင်လန်းညွန်ပေးရာ
အ.ထ.က (၁) ထားဝယ် မှာရှိနေခဲ့တာအမှန်ပဲ။

ကတ္တီပါပင်နှင့်ကတ္တီပါဆောင်၊ဘော်လုံးကွင်း၊စိန်ပန်း၊မလေးရှားပန်းတောက်
နဲ့စက္ကူပန်းပင်တွေ၊ဘုရားခန်း၊ဟောခန်းမ၊စာကြည့်တိုက်၊ဆရာမကြီး
ဒေါ်ကြင်ကြည်၊ဆရာမကြီးဒေါ်မြင့်မြင့်၊ ဦးကျော်စိန် နဲ့ ကြေးခေါင်းလောင်း၊
ဒေါ်တင်အေးမုန့်ဆိုင်တွေကတော့ကျောင်းရဲ့ပြယုဂ်တွေဖြစ်သလို၊
ကျောင်းရှေ့မတာဆိုင်နဲ့ကျောင်းနံဘေးကအအေးဆိုင်ကတော့
ကျောင်းသားတော်တော်များများရဲ့ အပျော်ဆုံးနေရာတွေပေါ့။

ဟိုးလွန်ခဲ့တဲ့ဆရာမကြီးဒေါ်ကြင်ကြည်လက်ထက်ကဆိုလျှင်၈း၃၀
ကျောင်းတတ်ခေါင်းလောင်းတီးတာနဲ့ နှစ်ယောက်တစ်တွဲတွေစီကြပြီး
ကျောင်းသား၊ကျောင်းသူတွေကျောင်းရှေ့ဘော်လုံးကွင်းထဲသို့နေရာယူကြ
ရပါတယ်။ဆရာ၊ဆရာမတွေကကြီးကြပ်ကာယပ်တောင်ပုံစီပေးပြီး
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေအစချီတဲ့နိုင်ငံတော်
သီချင်းကိုစတင်ဆိုပြီးနိုင်ငံတော်လံကိုအလေးပြုကြပါတယ်။ အဲဒီအချိန်မှာနောက်ကျပြီးဝင်လာတဲ့ကျောင်းသားတွေကတော့
ရောက်ရာအရပ်မှာရပ်နေရပြီး ဆရာတစ်ယောက်ယောက်ကများ
တွေ.သွားခဲ့ရင်တော့ဆရာမကြီးရုံးခန်းရောက်ပြီသာမှတ်ပဲ။
ထိုနောက်ဆရာမကြီးကဆုံးမစကားပြောပြီးစည်းကမ်းတကျ ကိုယ့်အတန်းတည်ရှိရာကိုစကားမပြောပဲပြန်ရပါတယ်။
နေ့စဉ်ဘုရားရှိခိုး၊မေတ္တာပို့၊တရားထိုင်တတ်တဲ့အကျင့်တွေရလာအောင်လည်း
အ.ထ.က ၁ ကပြုပြင်ပေးခဲ့တာပဲ။အ.ထ.က (၁)ရဲ့အစဉ်လာတစ်ခုကတော့
၁၀တန်း အေမှစပြီး မူလတန်းထိနေ့စဉ်အလှည့်ကျဘုရားခန်းသွားပြီး
ဆွမ်းတော်ကြီးတင်ရတာဖြစ်ပါတယ်။ကျောင်းသားတိုင်းဆိုသလို ကိုယ်တတ်နိုင်သလောက်လေးတွေဝယ်လာကြပြီး
ဒီနေ့ကိုယ့်အခန်းအလှည့်ကြပြီဆိုလျှင်သပိတ်ထဲကိုဆွမ်းထည့်ကာ
မု့န်ဘန်းများကိုယ်စီကိုင်ကာပန်း၊ရေချမ်း၊ဆီမီး၊
နံ့သာအစုံလင်နဲ့ဘုရားကန်တော့ရပါတယ်။ကျနော်တို့ငယ်ငယ်ကဆိုလျှင် ကိုယ့်အခန်းဆွမ်းတော်ကြီးတင်မဲ့နေ့ဆိုရင်ပျော်ကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ဆွမ်းတော်တင်လို့ပြီးလျှင်အတန်းပိုင်ဆရာမက
ကျောင်းသားတိုင်းကိုမုန့်ခွဲဝေပေးတတ်ပြီးမုန့်တွေအများကြီးစားရလို့ပါပဲ။

ကျနော် အ.ထ.က ၁ ထားဝယ်မှာသူငယ်တန်းက နေ ၈ တန်းအထိ
၉နှစ်တတ်ခဲ့ပါတယ်။မူလတန်းကိုထုံးစံအတိုင်းကတ္တီပါဆောင်မှာပါ။
သူငယ်တန်းမှာ အတန်းပိုင်ဆရာမက ဒေါ်မြမြချစ်၊ပထမတန်းတုန်းက
ဒေါ်မြတ်မြတ်ကျော်၊ ဒုတိယတန်းမှာဒေါ်စန်းအေး အဲဒီနှစ်ကကျောင်းသား
အားကစားပွဲတော်နှစ်ဖြစ်သလိုကျောင်းစည်းကမ်းလည်းလျှော့ပေါ့ပေး
ခဲ့တာကြောင့်ကျနော်တစ်နှစ်ပတ်လုံးဆံပင်နီဆိုးပြီးကျောင်းတတ်ခဲ့တာတော့
အမှတ်တရပါပဲ။သုံးတန်းမှာဒေါ်လှလှအေး၊လေးတန်းမှာကတော့
ဒေါ်အေးအေးသန့်၊၅တန်းရောက်တော့၅တန်းဆောင်ကိုပြောင်းရတယ်။
အတန်းပိုင်ကတော့ဆရာမဒေါ်ရှုကြည်(အေ)ပါ။
အဲဒီမှာမူလတန်းကျောင်းအသီးသီးကနေပြောင်းလာကြတဲ့ကျောင်းသား
တွေရှိတာကြောင့်အခန်းငါးခန်းခွဲလိုက်တယ်။
သူငယ်ချင်းအသစ်တွေလည်းရမူလတန်းတုန်းကလို
ယောက်ျားနဲ့မိန်းမအတူတူမဆော့တော့ပဲအပေါ်ထပ်က၁၀ တန်း
ကျောင်းသားတွေကိုအတုခိုးကာတစ်ယောက်နဲ့တစ်ယောက်စ တတ်၊
အချို့ဆိုလျှင်ညနေကျောင်းဆင်းရင်အိမ်ရှေ့မှာသွားပြီးလူပျိုလှည့်တဲ့
အကျင့်တွေရှိလာပါတယ်။
စာမေးပွဲကြီးနီးလာလို့ကျောင်းမပိတ်ခင်ကျောင်းတတ်တဲ့နောက်ဆုံးရက်တွေမှာ အမှတ်တရအနေနဲ့ကျောင်းဆင်းပွဲတွေစတင်ပြုလုပ်လာကြတယ်။
အခန်းလိုက်ပိုက်ဆံစုပြီးတော့ မုန့်တွေစားကြ၊ အိမ်ပြန်ရင်ရေလိုက်လောင်းကြနဲ့
ကျောင်းသင်္ကြန်ပေါ့ဗျာ။

၆တန်းအခန်းကတော့ E ပုံစံပင်မဆောင်ကြီးရဲ့ ညာဘက်အစွန်၊
ဟောခန်းမရဲ့နံဘေး၁၀တန်းအခန်းတွေနဲ့စာကြည့်တိုက်ရဲ့အောက်မှာ
တည်ရှိပါတယ်။၆တန်းနှစ်ကတော့ကျနော့်ဘဝရဲ့အချိုးကွေ.တစ်ခုလို့ဆိုရမှာပဲ။
အဆော့မတ်ပြီးလမ်းများတဲ့ကျနော့်ကိုစာထဲအာရုံစိုက်လာအောင်၊
ကျောင်းသားတို့၏တာဝန်အတိုင်းစာကျက်အချိန်မှာစာကျက်တတ်အောင်
လမ်းကြောင်းတည့်ပေးခဲ့တာကတော့အတန်းပိုင်ဆရာမဒေါ်ဆွေဆွေသန်း
(ဒီ)ပါပဲ။ အလုပ်ဆိုလျှင်ခေါင်းရှောင်တတ်တဲ့ကျနော့်အကျင့်ကိုသိတဲ့
ဆရာမကအတန်းခေါင်းဆောင်မော်နီတာနဲ့ အဝါသင်းရဲ့ခေါင်းဆောင်အဖြစ်
ခန့်လိုက်ပြီးအသင်း၊အစုလိုက်လုပ်ဆောင်တတ်လာအောင်သွန်သင်
ပေးခဲ့ပါတယ်။ပြီးတော့ကျောင်းသားတွေကိုကျောင်းစာအပြင်စာစီစာကုံး၊
ကဗျာပြိုင်ပွဲ၊ကျောင်းရဲ့စုံညီပွဲတော်တွေမှာလည်းတတ်အားသရွေ.
ပါဝင်ဆင်နွှဲစေပြီးအနုပညာရသတွေကိုခံစားတတ်အောင်
လေ့ကျင့်ပေးခဲ့သေးတယ်။
အ.ထ.က(၁)ရဲ့ကျောင်းတတ်နှစ်တွေထဲမှာအပျော်ဆုံးနှစ်ကတော့၇တန်းနှစ်ပါ။
၇နှစ်တန်းဆောင်ကတော့ကတ္တီပါဆောင်ရဲ့ အရှေ့ဘက်ဆောင်ဖြစ်ပြီး
နှစ်ထပ်လုံးက၇တန်းတွေပါပဲ။ကျောင်းရဲ့အသန့်ရှင်းဆုံးခန်းအဖြစ်
နာမည်ကြီးပြီးအစဉ်လာကိုထိန်းသိမ်းတတ်တာကတော့
ဆရာမဒေါ်ကျင်ငွေ(အေ)ပါ။အခန်းကလည်းကျယ်သလိုလေဝင်
လေထွက်လည်းကောင်း၊သန်းရှင်းရေးစစ်တဲ့ဆရာမအမှိုက်ရှာမတွေ.
လောက်အောင်အမြဲတန်းသန့်ရှင်းတောက်ပြောင်နေပါတယ်။
ကျောင်းသားတွေရဲ့နေရာကိုပုံသေမထိုင်ခိုင်းပဲ တစ်လတစ်ခါလောက်နေရာရွေ.နေရသည်မှာလည်းပျော်ဖို့ကောင်းသလို၊
တစ်တန်းလုံးနဲ့လည်းပိုပြီးတော့စည်းလုံးမှု၊ရိုင်းပင်းကူညီမှုတွေရလာပါတယ်။
ဆရာမကကျောင်းသားတွေကိုဖော်ဖော်ရွေရွေဆက်ဆံတတ်တာကြောင့်
အကုန်လုံးကချစ်ကြောက်ရိုကြပါတယ်။တန်ဆောင်တိုင်လပြည့်ညမှာ ဆရာမဦးဆောင်ကာဘုရားကြီးအတွင်းဆီမီးတစ်ထောင်သွားရောက်ပူဇော်သလို၊
တစ်ချို့ရက်တွေမှာလည်းယဉ်ငေးရိပ်သာတို့ကိုခေါ်သွားကာဆရာတော်ရဲ့တရား
တော်တွေကိုနာကြားစေခဲ့ပါတယ်။ကျောင်းဆင်းပွဲနေ့ ဆရာမကိုယ်တိုင်ချက်ပေးတဲ့
ကော်ရည်ခေါက်ဆွဲကတော့လုံးဝရှယ်ပါပဲ။

၈တန်းကိုတော့ကျောင်းရဲ့ညာဘက်အစွန်း၈တန်းဆောင်ကိုရောက်သွားတယ်။
၈တန်းဘီရဲ့ဆရာမကတော့ဒေါ်ခင်နွယ်ဝင်းပါ။အဲဒီနှစ်ကတော့ပထမဆုံး
ရင်ခုန်တတ်တဲ့အရွယ်ပေါ့ဗျာ။၁၀ကျော်သက်စိတ်ကစားတတ်တဲ့
အချိန်ဖြစ်တာကြောင့်ကျောင်းသားတွေရဲ့ ဖြူစင်တဲ့အချစ်စတင်ခဲ့ကြတယ်
ဆိုပါတော့။စာပေနှင့်ပြင်ပအရာတွေကိုအကန့်လိုက်ခွဲပြီးလုပ်ဆောင်တတ်အောင်
အသိစိတ်တွေဝင်လာခဲ့တယ်။ဆရာမတွေကတော့ကျောင်းစာကိုလွတ်သွား
မှာစိုးရိမ်ကြတဲ့အတွက်ကျောင်းသားတော်တော်များများကိုစေတနာအရင်းခံနဲ့ သတိပေး၊တားမြစ်မှုတွေလုပ်ခဲ့ပါတယ်။
၈တန်းနှစ် ကျောင်းဆင်းပွဲကတော့အပီပြင်ကဲခဲ့ကြပါတယ်။
DVD စက်၊Sound Boxနှစ်လုံးအပြင်amplifier တွေပါ
ယူလာပြီးမွန်းတည့်၂နာရီလောက်ထိကျောင်းပေါ်မှာဂိမ်းတွေဆော့ကြတယ်။
အဲဒီအချိန်မှာကျောင်းသားနှစ်ယောက်spyပုလင်းဝယ်လာတာကို
မိသွားတာကတစ်ကြောင်း၊sound boxကိုvolumeကျယ်ပြီး
သီချင်းတွေဖွင့်တဲ့အတွက်ဆရာမတွေတက်လာကာရပ်ပေးဖို့ပြောတာနဲ့
အကုန်လုံးကြောက်ကြောက်နဲ့ရပ်ပေးခဲ့ပါတယ်။ဒါပေမဲ့အရှိန်မသေသေးတဲ့
ကျနော်တို့အားလုံးက၈တန်းဆောင်အနောက်မှသည်ဒေါ်သန်းသန်းစိုးခြံအတွင်းသို့
ကျူးကျော်ဝင်ရောက်ပြီးနေရာရှာပြန်တော့ဆရာမခြံထဲမှာလည်း
တစ်ခြားခန်းကကျောင်းသားတွေကအပြည့်ပါပဲ။ဒါကြောင့်နောက်ဆုံး၃ဘိန်း
ဆိုင်ကယ်တွေငှား၊စက်ဘိန်းရှိသူကစက်ဘိန်းနဲ့လိုက်၊ဆိုင်ကယ်ပါလာသူက
ဆိုင်ကယ်နဲ့ညောင်ရမ်းတောင်ရပ်မှာခြံအကျယ်ကြီးရှိတဲ့
သူငယ်ချင်းကောင်မလေးတစ်ယောက်ရဲ့အိမ်ကိုသွားကြပါတယ်။
သူတို့အိမ်မှာဆက်ပြီးသောင်းကျန်းကြ၊အုန်းစိမ်းရည်တွေသောက်ကြ၊ ရေပက်ကြနဲ့တစ်ကယ့်ကိုအမှတ်တရဖြစ်ခဲ့ပါတယ်။

အ.ထ.က(၁)မုန့်ဆိုင်တန်းကတော့တစ်နေ့တစ်ခေါက်ပုံမုန်ရောက်နေကြနေရာပါ။
ဒေါ်တင်အေးသမီးရောင်းတဲ့စာကလေးခွေများများနဲ့သင်္ဘောသီးသုပ်ကလည်း
စားကောင်းသလို၊ဦးဘာဂျာကြီးရဲ့ဝက်သားတုတ်ထိုးကလည်းညစ်သာညစ်ပတ်တယ်
စားလိုက်ပြီဆိုလျှင်တစ်ချောင်းပြီးတစ်ချောင်းပါပဲ။ပေါင်မုန့်ရေခဲထုပ်၊
ရာသီပေါ်တွေဖြစ်တဲ့ ပီလောပီနံဥပြုတ်/ကြော်၊မာလကာချဉ်သီးတွေကို
လည်းအခန်းထဲသို့ယူသွားပြီးကျောင်းတက်ချိန်မှာခိုးစာရတာအရသာရှိလှပါတယ်။

နှစ်စဉ်၁၀တန်းကျောင်းသားတွေဦးဆောင်ကာလုပ်တတ်တဲ့အာစရိယပူဇော်ပွဲတွေ၊
ပျော်ပွဲ၊ရွှင်ပွဲနဲ့စုံညီပွဲတော်ကြီးတွေ၊မိဘ၊ဆရာအသင်းအခမ်းနားတွေ၊
ဆောင်းတွင်းမနက်စောစောမှာပြုလုပ်တတ်တဲ့ကျောင်းရဲ့လမ်းလျှောက်ပွဲကြီးတွေ၊
ကျောင်းဘော်လုံးကွင်းမှာဘော်လုံးကန်ခဲ့တဲ့နေ့ရက်တွေ၊ကတ္တီပါပင်အောက်မှာ
ထိုင်ခဲ့တဲ့အချိန်တွေ၊အာဂတတွေကင်းမဲ့ပြီးဖြူစင်တဲ့ရယ်မောသံတွေကတော့ အ.ထ.က(၁)ကျောင်းတော်ကြီးကပေးခဲ့တဲ့အမှတ်တရနေ့ရက်များပါပဲ။

ဟိုတစ်ချိန်ကကျောင်းသားဟောင်းတွေစုပေါင်းလုပ်ဆောင်တဲ့ခြိမ့်ခြိမ့်သည်းစည်ကား
ခဲ့တဲ့အာစရိယပူဇော်ပွဲကြီးကိုပြန်လည်အောက်မေ့ရင်းနောင်လာမဲ့
ဒုတိယအကြိမ်အာစရိယပူဇော်ပွဲကြီးကိုလည်းဒီထက်မကကြီးကျယ်ခမ်းနားပြီး
အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုရင်း
ဆရာ၊ ဆရာမတွေကိုကာယကံ၊ဝစီကံ၊မနောကံတို့ဖြင့်ပြစ်များမိသည်ရှိခဲ့သော်
ထိုအပြစ်တို့ကိုဝန်ချတောင်းပန်ကန်တော့အပ်ပါ၏ ။

2 comments:

စိမ်း... said...

အဖြူ၊ အစိမ်းလေး လွမ်းသွားပြီကွယ်...

yangonthar said...

လွမ်းရိပ်ဝေတဲ့ ရွှေကျောင်းတော်က နေ့ ရက် တွေကို မျက်ဝါးထင်ထင်မြင်သွားမိတယ် ခုတော့ အတိတ်မှာ ရှိခဲ့ပြီ အဲဒီအချိန်က ဖြူစင်မှုတွေ လွတ်လပ်ပေါ့ပါးမှုတွေ တက်ကြွလန်းဆန်းမှုတွေ ဘယ်လိုမှပြန်မရနိုင်တော့ပါလား ကိုသံလွင်ရေ
ဆရာတွေရဲ့ ချိုမြမြအပြုံးနဲ့ ကြိမ်လုံးလှလှတွေ
သူငယ်ချင်းလေးတွေရဲ့ နင်နဲ့ ငါဆိုတဲ့ အဓိပ္ပါယ် ပြည့်သိပ်တဲ့ အခေါ်အဝေါ်လေးတွေ အတိတ် တွေ ဖြစ်သွားလို့ လွမ်းမောမိတယ်
သီချင်းလေးတွေနဲ့ ကျောင်းတော်ရဲ့ အရိပ်တွေ
အတွက် ကျေးဇူးပါ
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :D