September 19, 2009

တရုတ်တန်းလမ်း

china town လို့ခေါ်တဲ့ တရုတ်တန်းဟာ ကမ္ဘာ.နိုင်ငံအသီးသီးမှာရှိသလို
ကျနော်တို့ထားဝယ်မြို့မှာလည်း china town လို့သီးသန့်မရှိပေမဲ့တရုတ်
တန်းလမ်းဆိုတာရှိပါတယ်။ တည်နေရာကတော့တလိုင်းထိန်ရပ်ကွက်
အတွင်းမှာပါ။ အာဇာနည်လမ်းကနေဝင်လို့ရသလိုဟိုး ရွှေပလောင်
လက်ဘက်ရည်ဆိုင်အရှေ့ဘက်ရဲရိပ်သာအောက်လမ်းဖြစ်တဲ့တလိုင်းမစု
လမ်းကလည်းဝင်လို့ရပါတယ်။လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်ထိ မြေနီ
လမ်းသာဖြစ်ပြီး နွားလှည်း၊မြည်းလှည်းများ၊ ဝင်ခွင့်ပြုထားတဲ့အတွက်
အဖုခွက် ချိုင့်များနဲ့ လမ်းဆိုးလှပါတယ်။ဒါပေမဲ့လည်း လမ်းနေပြည်သူ
များရဲ့ စည်းလုံးညီညွတ်စွာမှုဖြင့်ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းခဲ့ရာ
အခုဆိုရင်၁၀စုနှစ်ကျော်သွားပေမဲ့လည်း လမ်းကြံ့ခိုင် ညီညာမှုကတော့
လုံးဝကောင်းမွန်နေဆဲပါပဲ။တရုတ်ဘုံကျောင်း၊လက်ဘက်ရည်ဆိုင်များ၊
မောင်းမကန်ကားဂိတ်များဖြင့်တရုတ်တန်းဟာ နေ့စဉ်နဲ့အမျှစည်ကား
အသက်ဝင်နေပါသည်။

တရုတ်တန်းလမ်းအတွင်းမှာထားဝယ်မြို့တွင်တစ်နှစ်မှတစ်ခါတရုတ် နှစ်သစ်ကူးနေ့မတိုင်မီတရက်အလိုပြုလုပ်လေ့ရှိသည့်တရုတ်ညဈေး
ရှိသည်။ညဈေးမရောက်မီတစ်လလောက်အလိုကတည်းက ဈေးဆိုင်
ခင်းလိုသူများအသီးသီးမှာကိုယ်ပိုင်အမှတ်သားများဖြင့် လာရောက်
နေရာယူထားတတ်ကြကာ ညဈေးနေ့နေ့လည်ဘက်မှတစ်လမ်းလုံး
အားပိတ်လိုက်၍ ဆိုင်များဖြင့်နေရာယူပြီး အထူးစည်ကားလှပါသည်။

တရုတ်ညဈေးတွင်နှစ်ကူးကန်တော့ပွဲအတွက်အသား၊ဟင်းသီးဟင်းရွက်၊
အသီးမျိုးစုံသည်၊တရုတ်မုန့်မျိုးစုံဗျောက်အုံးသည်မှ ကြံသည်၊မုန်ဟင်းခါး၊
မုန့်လက်သုပ်၊ ကော်ပြန့်၊ ငုံးဥစတဲ့မုန့်ဆိုင်တန်းများအဓိကဖွင့်လှစ်
ရောင်းချကြသည်။ သံလွင်ဟီးရိုး တို့ငယ်စဉ်က တရုတ်ညဈေးနှစ်ခေါက်
သုံးခေါက်လောက်ပတ်ပြီးမုန့်စား၊ ပြီးတော့ မစောဘုံ ကွမ်ရင်ကျောင်းတွင်
ပြုလုပ်သည့် ဆွမ်းတော်ကြီးတင်ပွဲသို့သွားရောက်လေ့ရှိသည်။

ထားဝယ်မုန့်လက်သုပ်နဲ့မုန့်ဟင်းခါးစစ်စစ်ကိုစားချင်လျှင်တရုတ်တန်းလမ်း
ကိုလှမ်းခဲ့ပါ။ ငှက်ပျောအူအကာမပါပဲအလည်အူတိုင်နဲ့ သီးသန့်ချက်တဲ့
မုန်ဟင်းခါးပါ။ စစ်လက်သုပ်လို့ခေါ်မလား မုကလောဆီလို့ခေါ်မလား
အများတကာနဲ့မတူနဲ့မုန့်လက်သုပ်ကိုလည်းသုံးဆောင်နိုင်ပါသည်။
ကုလားမစာကလေးခွေ(မုံ့ခွေ အကြီးစား) နဲ့ တွဲဘက်စားလို့လည်း
ကောင်းလှပါသည်။ ဒါပေမဲ့ အဲဒီဆိုင်က မနက်စောစော၎နာရီလောက်တွင်
စဖွင့်ပြီး ၇နာရီခွဲပြီဆိုလျင် စားရဖို့ကိန်းမမြင်တော့ပါ။ ဒါကြောင့်အိပ်ရာထ
နောက်ကျတတ်သော သံလွင်ဟီးရိုးခမျာ စားချင်သောရက်များ၌ ညနေ
ကတည်းကပင်ဆိုင်တွင်ကြိုတင်စာရင်းသွားပေးထားရသည်။ ဒါမှကိုယ့်အတွက်ပါဆယ်ချန်ထားမည်မဟုတ်ပါလော။

ဦးသံဂေါလက်ဘက်ရည်ဆိုင်မှာတရုတ်တန်းလမ်းလက်ဘက်ရည်ဆိုင်များ
ထဲကတစ်ခုပေါ့။ ရန်ကုန်ကလက်ဘက်ရည်ကောင်းလှပါပြီဆိုတဲ့
စိတ်တိုင်းကြ၊ ပွင့်သစ်စန်း၊ မော်ဒန်၊ လပ်ကီးဆဲဗင်း လောက်ကတော့
အပျော့ပါပဲ။ကျဆိမ့်ပဲဆွဲမလား၊ တိုင်ကီချိုဆိမ့်ပဲသောက်မလား
လုံးဝရှာလည်သွားစေရမယ်ဗျာ။

မာကျူရီကတော့ ဦးသံဂေါဆိုင်အရှေ့က နန်းကြီး၊နန်းပြား၊ရှမ်းခေါက်ဆွဲ၊
ဆီချက်၊ထမင်းသုပ်၊ကော်ရည်ခေါက်ဆွဲစတဲ့ မနက်စာ မီနူးစုံလင်လှတဲ့
ဆိုင်တစ်ဆိုင်ပါ။ နေ့လည်ဘက်မှာ ထားဝယ်ရိုးရာမုန့်တွေဖြစ်တဲ့
သာခွေယိုင်၊ မုန့်လုံးကြီး၊ ငပျောသီးပေါင်း၊ ပါမုန့်အုန်းနို့ဆမ်း နဲ့အတူ
သစ်သီးဖျော်ရည်များပါရနိုင်ပါသေးသည်။

မဂ်လာမောင်နှံများ၊အလှူမဂ်လာပွဲများအတွက်စိတ်တိုင်းကြစေတနာ အရင်းခံကာဝန်ဆောင်မှုပေးနေတာကတော့တရုတ်တန်းလမ်းအတွင်းရှိ
စနိုးဝှိုက်ဗျူးတီးစလွန်းပါ။ လျှော်မလား၊ ညှပ်မလား၊ ဖြောင့်မလား၊
ကောက်မလားကျား၊မ ကြီး၊ငယ် မရွေး ဝါရင့် ဟဲလ်စတိုင်လစ်ကြီးများက
အဲကွန်းခန်းအတွင်းမှာ ခေတ်ပေါ်ဒီဇိုင်းမျိုးစုံကိုပြင်ဆင်ပေးနေပါပြီ။

အခုမျိုးမိုးရာသီဆိုလျှင်တရုတ်တန်းလမ်းကဘော်ဒါတွေကိုအောက်မေ့မိသည်။ လမ်းထဲမှာကကျနော်တို့အရွယ်ကလေးများကလည်း ၁၀ ယောက်ကျော်လောက်
ရှိသောကြောင့် မိုးထဲမှာမိုးရေချိုး၊ ဘော်လုံးကန်၊ ဂေါ်လီရိုက်။
နွေရာသီညဘက်တွေမှာ ကြက်တိုင်ရိုက်၊ စက်ဘိန်းစီးကြ။
ဆောင်းရာသီတွေမှာ လူငယ်တွေစုပြီး လမ်းမသစ်ဘက်ကို လမ်းလျှောက်သွား
ကြသည်မှာလည်းမမေ့နိုင်စရာတရုတ်တန်းလမ်းရဲ့နေ့ရက်များပါ။ သံလွင်ဟီးရိုးကြီးပြင်းခဲ့သည့်တရုတ်တန်းလမ်းကတော့ဘယ်အချိန်ပဲရောက်ရောက်
ကျနော့်ကိုနွေးထွေးမှုအပြည့်နဲ့ ကြိုဆိုနေဆဲ အမှတ်တရတွေပေးနေဆဲပါပဲလေ။

P.S ကြော်ငြာခ မရပဲ ကျနော်ကြော်ငြာလိုက်တာကတော့တော်တော်များသွားပြီ။
ထားဝယ်မြို့မှကြော်ငြာချင်သူများ ဆက်သွယ်နိုင်ပါသည်။ နောက်ပို့စ်တစ်ခုမှာထည့်
ပေးပါမည်။ :P
(တစ်ခေတ်တစ်ချိန်ကထားဝယ်မြို့ရဲ့နာမည်ကျော်များကလည်းတရုတ်တန်းလမ်း
ကဆိုပဲ။)

8 comments:

yangonthar said...

သွားရည်ကျသွားတယ် ကိုသံလွင်ရ ထားဝယ်က တရုတ်တန်းကို အလည်သွားဦးမှပဲ ..... ရန်ကုန် တရုတ်တန်းကတော့ အကင်ကောင်းတယ်ဗျ :P
ပျော်ရွှင်ပါစေ :)

khin oo may said...

တိုံသံလွင်ဟီးရိုးလဲ ထားဝယ်ကပါဘဲ။ ကျန်တာက ဘယ်သူတွေ လဲ။……..လဲလဲ

khin oo may said...

ဘယ်သူလဲကွ ရှေ့ကဖြတ်သွားတာ..........

စိမ်း... said...

ထားဝယ်က တရုတ်တွေရော စကားဝဲလားဟေ...

သံလွင် HeRo said...

အရှေ့ကဖြတ်သွားတာ ကိုရန်ကုန်သားပါတီကွန်
ဝဲမဝဲသိချင်ရင် သံလွင်ဟီးရိုးနဲ့
စကားပြောကြည့်လေစိမ်း
ဘာပြောနေမှန်းနားလည်မှာကိုမဟုတ်ဘူး

Anonymous said...

တောက် ..ဖတ်ရင်း သွားရည်တောင် ကျတယ်.. ဗျာ...။

ရွှေပြည်သူ (ShwePyiThu) said...

မရောက်ဖူးသေးတဲ့ ထားဝမ်မြို့နဲ့ ထားဝယ်မြို့က တရုတ်တန်းလမ်းကို မြင်ယောင်မှန်းဆကြည့်ရင် စိတ်ဝင်တစား ဖတ်သွားပါတယ်။ တခြားဘယ်နိုင်ငံက တရုတ်တန်းတွေနဲ့ပဲ ယှဉ်ယှဉ် အစ်မကတော့ ကိုယ့်မြန်မာပြည် တရုတ်တန်းတွေက အစားအစာတွေကိုပဲ ပိုကြိုက်မိတယ်း)

သော်ဇင်စိုး said...

တရုတ်တန်းက ကောင်မလေးတွေကလည်း ချောချော.... ခိခိ.. :P