September 11, 2009

အမှတ်တရချောင်းသာ


ချောင်းသာ...
ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်အတွင်းကအတော်သင့်လှပတဲ့ကမ်းခြေတစ်ခုပါ။
မြို့ပြရဲ့ အငွေ.သက်တွေနဲ့ဝေးပြီး စရိတ်နဲနဲနဲ့ အပန်းဖြေဖို့ဆိုရင် ချောင်းသာဟာ
အကောင်းဆုံးပါပဲ...ကျနော်ချောင်းသာကိုရောက်တာ ဟိုအရင်တစ်ခေါက်မြန်မာ
ပြည်ပြန်တုန်းကနဲ့ဆိုရင် ၄ခေါက်မြောက်ရှိပြီ။ ငွေဆောင်၊ မောင်းမကန်၊
ငပလီတို့ထက် မလှပ၊မသေသပ်ပေမဲ့ အစားသောက်စုံလှ၊ ဈေးပေါလှ၊
ခင်မင်ဖို့ကောင်းတဲ့ ချောင်းသာကမ်းခြေရဲ့ဈေးသည်များကို ကြိုက်လို့လည်း
သွားဖြစ်တာပါ။သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးနောက်တစ်နေ့ပဲ
ချောင်းသာကိုထွက်ခဲ့ကြတယ်။

စိန်ဝင်းနဲ့ရောင်းရင်းများကားကလည်းနေ့တိုင်းလိုလိုထွက်တာမို့လို့အစစအရာရာ
အဆင်ပြေလှပါတယ်။ကားခကအသွားပြန်ကို၁၈၀၀၀ပါပဲ။ည၁၀နာရီထွက်မှာမို့လို့
၉နာရီလောက်ကတည်းက junction 8 အနားကိုသွားစောင့်နေခဲ့ပြီးဟိုရောက်ရင်
ညဘက်ဆီဖြည့်ဖို့အတွက် city mart မှာဂျော်နီလမ်းလျှောက်တစ်လုံးနဲ့
ဗော်ကာတစ်လုံးဝယ်ဖြစ်လိုက်တယ်။ကားကလမ်းတစ်လျှောက်လူတွေတင်
လာတာဖြစ်တာကြောင့်ကျနော်တို့စောင့်နေတဲ့နေရာကို၁၀နာရီ ခွဲလောက်မှ
ရောက်ပါတယ်။ဟဲလိုမစ္စတာကျန်ကျောင်း။ဒီတစ်ခေါက်လည်းကားပေါ်မှာ
ဂိုက်အဖြစ်နဲ့ဟာသတွေအမြဲပြောတတ်တဲ့ ကိုကျန်ကျောင်းပါပဲ။
ခရီးသွားတွေကို တဒင်ဂ အမောပြေစေဖို့အတွက် အငြိမ့်နဲ့ဖျော်ဖြေနေပါတယ်။
ပျက်လုံးတွေကတော့ထုံးစံအတိုင်းအောက်ပိုင်းကကိုမတက်ပါဘူးဗျာ။
ရီတော့ရီရသား။ရန်ကုန်ရဲ့ဆင်ခြေဖုံးတွေကိုကျော်ဖြတ်ပြီးမြို့နဲ့ဝေးလာတာ
ဗိုလ်မြတ်ထွန်းတံတားအောက်ကစားသောက်ဆိုင်တန်းကို
ရောက်တော့ ည ၁နာရီလောက်ရှိပြီထင်တယ်။ အပေါ့ပါးသွား၊
ပရီမီယာလေးသောက်ပြီးကားပြန်ထွက်တော့အိပ်ပျော်သွားတာ
ပုသိမ်ကိုကျော်သွားမှန်းတောင်မသိလိုက်ဘူး။ဥတိုတံတားရောက်လို့
ကိုကျန်ကျောင်းက ထလို့ရပြီဟေ့ဆိုပြီးမိုက်နဲ့အော်လိုက်လို့ လန့်ပြီးနိုးလာတယ်။
အချိန်ကြည့်လိုက်တော့ မနက် ၅း ၃၀ လောက်ပဲရှိအုံးမယ်။

ဈေးလဲသက်သာကောင်းကောင်းလဲတည်းနိုင်ဖို့အတွက်ကျနော်တို့
Golden Beach ကိုပဲရွေးလိုက်တယ်။အခန်းကကံကောင်းချင်တော့sea side
ကိုရလိုက်တယ်။ ဈေးကလည်းတစ်ရက်မှ ၄၀၀၀၀ လားပဲ။
Max တို့ Belle Myanmar တို့ထက်စာရင်တော့ အများကြီးသက်သာတာပေါ့ဗျာ။
ကျောင်းပိတ်ရက်ဖြစ်ပေမဲ့ဆယ်တန်းတွေစာမေးပွဲဖြေနေတုန်းမို့ချောင်းသာမှာ
လူအရမ်းမစည်ပေမဲ့သူ့ဟာနဲ့သူတော့အသက်ဝင်လှပါပေတယ်။
ခဏနား၊ ရေမိုးချိုးပြီးတော့ မနက်စာစားဖို့ ဟော်တယ်ရေကူးကန်နားက
ဆိုင်မှာပဲထမင်းကြော်ဝင်ဆွဲလိုက်တယ်။
ရောက်တုန်းရောက်ခိုက် အပြင်ထွက်ပြီး ဆိုင်ကယ်ငှား၊
ကျောင်မောင်နှမခရီးကိုစတင်တော့တယ်။
ပထမဆုံးအကြိမ်ကျောက်မောင်နှမကိုသွားချင်းပါ။
သူငယ်ချင်းတစ်ယောက်က အရင်ကရောက်ဖူးပြီးသားမို့သူ့ကိုပဲဆရာတင်ပြီး
ရောက်ဖြစ်လိုက်တယ်။ ထားဝယ်သားမို့လို့တောင်တက်လမ်းတွေမှာ
ဆိုင်ကယ်မောင်းရတာလောက်ကတော့အပျော့ပါပဲ။
ဒါပေမဲ့နည်းနည်းတော့ကျောချမ်းသားဗျ။ မစီးတာကြာတာရယ်၊
လမ်းကလည်းတစ်ချို့နေရာတွေမှာသဲလမ်းတွေမို့လို့သတိထားပြီးမောင်းရတယ်။
ကျောက်မောင်နှမရောက်တော့ဆိုင်ကယ်အပ်ပြီးဘုရားပေါ်တက်၊
ဓာတ်ပုံတွေရိုက်နဲ့ ဝါးပိုက်လုံးနဲ့သောက်ရတဲ့အုန်းစိမ်းရေဝင်သောက်လိုက်တယ်။
မာလာမုန်တိုင်းတိုက်တုန်းကကျောက်တုန်းတစ်ခုပြိုကျသွားလို့
အခုတော့ကျောက်မောင်နှမမဟုတ်တော့ပဲတစ်ယောက်တည်းအထီးကျန်ဖြစ်နေလေရဲ့။

အဲဒီကအပြန်ရွာထဲဝင်ပြီးဂုံးနဲ့ကျောက်ပွင့်သုပ်၊ပုဇွန်ကြော်၊ငါးချိုချဉ်၊
ကြက်ကုန်းပေါင်၊တုန်ရမ်းဟင်းချိုတို့ရဲ့ဝါးတီးဝင်ဆွဲလိုက်တယ်။
နေ့လည်ဘက်ကတော့ ဟိုတယ်မှာမီးပေးထားလို့ အဲကွန်းဖွင့်ပြီးနှပ်လိုက်တယ်။
တစ်ရေးနိုးတော့ ညနေ ၄နာရီထိုးနေပြီ။အရှေ့မှာလာရောင်းတဲ့အကင်တွေစား၊
မုန့်လက်ဆောင်းသောက်နဲ့စိတ်ကတော့ပျော်နေပါတယ်။
အကင်သည်တွေနဲ့လည်းတော်တော်ရင်းနှီးသွားပြီး ငါးကင်ရောင်းတဲ့အစ်မကြီး
တစ်ယောက်ကိုညဘက်ရောက်ရင်ထမင်းစီစဉ်ပေးဖို့ပါပြောတော့
ကျနော်တို့အတွက်ရှယ်ချက်ပေးပါ့မယ်တဲ့။လုပ်လိုက်လေကြာသလားလို့...
ရေမိုးချိုးပြီးကမ်းခြေကဘုရားဆီကိုသွားခဲ့ကြတယ်။
ဘုရားဝတ်ပြုပြီးတော့ကမ်းခြေက ပျိုမဒီတွေကိုလည်းငမ်းကြောဖွင့်ခဲ့သေးတယ်ဟီဟီး။
ဟိုတယ်ပြန်ရောက်တော့ထမင်းချက်လာပေးတဲ့မမကစောင့်နေနှင့်ပြီ။
ဂုံးကြော်၊ပြည်ကြီးငါးအချဉ်တို့၊ဂဏန်းခွက်ကြော်၊ငါးကင်တွေနဲ့ကောင်းမှကောင်းပဲ။
သရက်သီးစိမ်းနဲ့ရခိုင်ငပိထောင်းပါသူမကစေတနာထက်သန်စွာယူလာ
ပေးပါတယ်။ဈေးလည်းချို၊အရသာလည်းကောင်းမို့နောက်နေ့ည
အတွက်ပါသူမကိုအစားသောက်စီစဉ်ပေးဖို့ဘွတ်ကင်လုပ်လိုက်ပါသေးတယ်။
ထိုနေ့ညကဗော်ကာလေးနဲ့ကြက်သားအကျွတ်ကြော်ကတော့
နတ်စည်းစိမ်အလားပဲကောင်းမှကောင်း(မာမီးခေါက်ဆွဲကြော်ငြာသံဖြင့်ဖတ်ပေးပါရန်)

နောက်တစ်နေ့မနက်ရောက်တော့ဟိုတယ်ကဘူဖေးမနက်စာဆွဲပြီး
ပင်လယ်ကိုဆင်းကြည့်ကြတယ်။ချောင်းသာရောက်လို့ခြေတောက်နဲ့
ရေထိဖူးတယ်ဆိုရုံလေးပါ။တစ်ဆက်တည်းမှာပဲသဲဖြူကျွန်းဘက်ကို
သွားတဲ့လှေဆိပ်ကိုမေးပြီးတော့လမ်းလျှောက်ချီတက်ကြပေါ့။
ကျနော်ကတော့ဒီမှာလမ်းလျှောက်နေရတာအံသေနေပြီမို့လို့အေးဆေးပဲ။
ဟိုကောင်တွေကတော့မောလို့ဟိုက်တောင်ဟိုက်နေကြတယ်။
သဲဖြူကျွန်းသွားတဲ့ လှေလေးစီးရတာဟာလည်းပျော်ဖို့နဲ့စိတ်လှုပ်ရှားဖို့တော့
ကောင်းတယ်ဗျ။ဗန်ဒါပင်တွေနဲ့အရင်ကအရိပ်ရှိတဲ့သဲဖြူကျွန်းကတော့
မုန်တိုင်းလက်ချက်ကြောင့်အခုနေတော်တော်ပူလှပါတယ်။
ဘုရားကန်တော့ပြီး ဟိုကြည့်ဒီကြည့် ဟိုရိုက်ဒီရိုက် (ဓာတ်ပုံ) ။
နာရီဝက်လောက်နေပြီးတော့ ဖိုးကုလားကျွန်းကိုဆက်ကူးတယ်။
တောင်ပေါ်တက်ဘုရားဖူး၊ကျွန်းမှာဟိုပတ်ဒီပတ်ပေါ့။
အပြန်မှာတော့အကုန်လုံးတော်တော်ပင်ပန်းနေကြပြီ။
ဗိုက်ကလည်းဆာ၊နေကလည်းပူနဲ့သောင်ပြင်မှာလွှတ်ထားတဲ့ဟင်္သာတွေလိုပါပဲ။

ရွာထဲကိုရောက်တော့မနေ့ကစားခဲ့တဲ့ထမင်းဆိုင်မှာပဲဝင်စားလိုက်တယ်။
တစ်လက်စတည်းမနက်ဖြန်လာဖို့အချိန်မရှိမှာကြောက်လို့
ချောင်းသာလက်ဆောင်အိမ်က ကလေးတွေဖို့အကျီင်္ဝင်ဝယ်လိုက်သေးတယ်။
ရွာထဲနဲ့ဟိုတယ်ကနည်းနည်းလှမ်းတာမို့ကျနော်တို့ ဆိုက်ကားစီးပြီး
ပျော်ပျော်ပါးပါးကြီးပေါ့။ပြန်ရောက်လို့နားနေတုန်းဟိုကောင်တွေက
နေချစ်ချစ်တောက်ပူနေတဲ့အထဲမှာ စွန်ဆင်းလွှတ်ကြတယ်။
ကျနော်လည်းပျင်းတာနဲ့အောက်ဆင်းပြီးမြင်းသွားစီးလိုက်သေးတယ်။
မနေ့ကဟင်းချက်ပေးတဲ့အစ်မကြီးနဲ့တွေလို့သူကဒီနေ့ဘာချက်ပေးရမလဲ
ဆိုတာနဲ့ဂဏန်းခွက်ကြော်၊ပုဇွန်အစိမ်းသုတ်(နည်းကောင်းလေးပါပေးလိုက်တယ်။)၊
ဂုံးချိုချဉ်၊ ပြီးတော့ ပုစွန်ကို ကော်မုန့်နဲ့ကြော်ပေးဖို့ပြောတော့
သူကပုစွန်တန်ပူရာလားတဲ့(နင်တော့နင်သွားတယ်...ခံလိုက်ရတာကိုး)၊
အင်း...အင်းဆိုပြီးဆီဖြည့်ဖို့ထုံးစံအတိုင်း ကြက်သားအကျွတ်ကြော်နဲ့ငါးကင်
သုံးကောင်ပါမှာလိုက်တယ်။

ထိုနောက်ပင်လယ်ကြီးကိုကြည့်ပြီးလေပေါနေခဲ့ကြတယ်။

ညရောက်တော့သူမလာပို့ပေးတဲ့ထမင်းဟင်းများကိုမြိန်ရှက်စွားသုံး

ဆောင်ကြပြီးပင်လယ်မှာကာရာအိုကေစက်တွေငှားပြီးအပီဟစ်ကြပါတယ်။

ဂျော်နီသောက်သူကသောက်၊ မြန်မာသောက်သူကသောက်နဲ့သီချင်းဆို

လို့သွက်လှပါတယ်။ ရန်ကုန်မှာဖောက်လို့မရသလို၊ဒီမှာပဲအချိန်မရွေး

ကစားလို့ရတဲ့ မီးရှူးတွေဖောက်ကြတယ်။ရှူးဒိုင်းတွေလွှတ်ကြတယ်။

အခုချိန်မှပြန်တွေးကြည့်တော့အဲလို စိတ်လွတ်ကိုယ်လွတ်ပျော်မိခဲ့တဲ့

အချိန်တွေကို့တော့အလွမ်းသားဗျ။


မနက်ရောက်ပါပြီ။ ပြန်တော့မယ်ဆိုတော့တစ်မျိုးကြီးပဲ

ဆက်ပြီးတောင်နေချင်သေးတယ်။

ပိုက်ပိုက်ကကုန်လုနီးဖြစ်နေပြီရယ်။ရှိတာလေးနဲ့ပဲအိမ်ပြန်ရင်

ကောခံမထိအောင် သရက်တောထိုးမုန့်

လေးဝယ်လိုက်တယ်။ ဟင်းချက်ပေးတဲ့အစ်မကြီးကို နှုတ်ဆက်ပြီး

သူမကနောက်တစ်ခါပြန်လာရင်သူ့ဆီမှာပဲအားပေးဖို့မှာနေသည်။

ခုဏက သရက်တောအသည်ကလည်းဒီချောင်းသာမှာ

အကောင်းဆုံးဖြစ်ကြောင်းသူမပြောပြလို့သိလိုက်ရသည်။

အဲဒီအချိန်မှာဟိုဘက်နားဂဏန်းအသည်လေးတွေရုတ်ရုတ်သည်းသည်းဖြစ်နေလို့

ကြည့်လိုက်တာကြင်စဦးမောင်နှံဖြစ်ပုံရသည်။ကလေးတွေဆီကနေ

ဂဏန်းအရှင်တွေကိုအပုံဖြတ်ဝယ်နေပြီးပုံးတွေထဲထည့်နေသည်။

ကျနော်တို့ဘာလုပ်မလဲလို့ဆက်ကြည့်နေတော့ပုံးတွေကိုမပြီးကမ်းခြေ

ဆီကိုသယ်သွားသည်။နောက်တော့ကမ်းခြေမှာလောင်းချလိုက်ပြီးဂဏန်းတွေကို

ရေထဲကိုပြန်လွှတ်နေပါသတဲ့။ငိုရမလိုရီရမလိုတော့ဖြစ်သွားသည်။

ကျနော့်သူငယ်ချင်းတွေကတော့ပေါက်ကရလျှောက်ပြောနေကြပြီးသာဓု

ဝိုင်းခေါ်ပေးနေကြသည်။မနက်စာစားပြီးလို့လော်ဘီမှာစောင့်နေတုန်းမကြာပါ။

ပြန်ရမဲ့ကားလာပါပြီ။ကိုကျန်ကျောင်းကတော့ထုံးစံအတိုင်းဟာသတွေ

ပြောလိုက်နောက်လိုက်စလိုက်နဲ့ပဲ။ပုသိမ်ရောက်တော့

ထမင်းအရင်စားကြပြီး။ရွှေမုဓောပို့ပေးပါတယ်။နောက်တော့ဟာလဝါဆိုင်

ကိုခေါ်သွားတယ်။ဒီတစ်ခေါက်ကတော့ရွှေမြင်းပျံမဟုတ်ပါဘူး။

ဆိုင်နာမည်တော့မေ့သွားပြီ။တစ်ကယ့်ကိုသားသားနားနားပါပဲ။

နောက်တော့အပြန်ခရီးနှင်ခဲ့တာရန်ကုန်ရွှေမြို့တော်ကြီးကိုညနေဘက်

မှပဲရောက်ရှိသွားပါတော့တယ်။

ကမ်းခြေခရီးသွားဖို့ပြင်ကြလျှင်ချောင်းသာထက်လှတဲ့ငွေဆောင်သွားမယ်၊

ငပလီသွားမယ်နဲ့ အမြဲပြောဖြစ်ကြသည်။ဒါပေမဲ့တစ်ကယ်တမ်းသွားတဲ့

အခါကြတော့လည်းချောင်းသာကိုသာမဲအများဆုံးရသည်။

ချောင်းသာသည်သွားဖို့လာဖို့လွယ်ကူသည်။ပျော်စရာတွေများသည်။

စိတ်ရောကိုယ်ရောအပန်းဖြေဖို့ကောင်းသည်။ထိုကြောင့်ကျနော်ကတော့

နောက်ထပ်ချောင်းသာကို သွားဖြစ်နေမှာသေချာသည်။


4 comments:

စိမ်း... said...

ချောင်းသားမရောက်ဖူးလို့ လိုက်လည်တယ်ဟေ့....
ကိုယ့်ဘာသာတော့ သွားဘူး... ကားခ ၁၈၀၀၀နဲ့အခန်းခ တစ်ရက် ၄၀၀၀၀ ... အောင်မလေး.... ဂစ်... :P

yangonthar said...

ချောင်းသာ မရောက်ဖူးလို့ သွားမယ်ဆို အသံပြု လိုက်စမ်းပါဗျာ..... :))

Unknown said...

အခြားပိုစ့်တွေ ဖတ်လို့ရပြီး ဒီတခုမှဖတ်လို့ မရဘူးဖြစ်နေတယ်.... >.< ချောင်းသာမရောက်ဖူးလို့ ဖတ်ချင်ပါတယ်ဆိုမှ...

Anonymous said...

အစားတွေဖတ်ကြည့်ပြီး သရေကျသွားပါသည်။ ဘာလို့ အစားတွေကို ဓါတ်ပုံမရိုက်ခဲ့တာလဲ။ ဒါဆိုပိုပြီးသရေကျသွားမှာ။